To download all ACMV lecuters in PDF format
www.acmv.org
 
HOME
eBooks
FORUM
Lecture
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter-7 ( Part 1 of 3) > Ventilation ( Part 1 of 3) > > www.acmv.org
Air Conditioning and Mechanical Ventilation System (Vol. 1) > Chapter-7 ( Part 1 of 3) > Ventilation ( Part 1 of 3) >


Chapter-7 Ventilation (Part 1 of 3) Fundamental and BasicConcept

Chapter-7 Ventilation (Part 1 of 3)

Air Conditioning and Mechanical Ventilation

လူသားတစ်ယောက် အသက်ရှင် ကျန်းမာရန် နေ့စဉ် အစားအစာ အလေးချိန် တစ်ကီလိုဂရမ်ခန့် နှင့် သောက်ရေသန့် နှစ်ကီလိုဂရမ်ခန့်  စားသောက်ရန် လိုအပ်သည်။ လူသားတစ်ယောက် နေ့စဉ် အသက်ရှူရန် လေကောင်းလေသန့် အလေးချိန်(၁၀)ကီလိုဂရမ်ခန့် လိုအပ်သည်။ ထို့ကြောင့် ရှူသွင်းမည့်လေ၏အရည်အသွေး ကောင်းမွန် သန့်စင်ရန် အလွန် အရေးကြီးသည်။ အထူးသဖြင့် အခန်း၊ အဆောက်အဦများ အတွင်း၌ အမြဲ နေထိုင်သူများ လေကောင်းလေသန့် ရရှိရန် ခက်ခဲသည်။

၇.၁ လေအရည်အသွေး (Indoor Air Quality)

လူများ အသက်ရှူရန် သင့်လျော်သည့် လေအရည်အသွေး(air quality) အဆင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးရန်အတွက် စင်ကာပူနိုင်ငံ National Environment Agency(NEA) မှ သတ်မှတ်ထားသည့် guidelines မှ စစ်ဆေးရမည့် အချက်(test parameter) ဆယ်ချက်ကို ဖော်ပြထားသည်။ ဓာတုဗေဒ(chemical)နှင့် သက်ဆိုင်သော အချက် ခြောက်ချက်၊ ဇီဝဗေဒ(biological)နှင့် သက်ဆိုင်သောအချက် နှစ်ချက်၊ ရူပဗေဒ (physical) နှင့်  သက်ဆိုင်သောအချက် သုံးချက် တို့ဖြစ်သည်။

 

IAQ Test Parameters

Threshold Limits

(၁)

Temperature (Degree Celsius)

22.5 – 25.5

(၂)

Relative Humidity (%)

< 70

(၃)

Air Velocity (m/s) / Air Flow

<0.25

(၄)

 Carbon Monoxide (ppm)

9

(၅)

Carbon Dioxide (ppm)

1000

(၆)

Ozone (ppm)

0.05

(၇)

Total Volatile Organic Compounds (ppm)

3

(၈)

Respirable Suspended Particulate (m/m3)

150

(၉)

Formaldehyde (ppm)

0.1

(၁၀)

Total Bacteria Count – TSA, 35 Degree Celsius 48 Hours (cfu/m3)

500

(၁၁)

Total Fungi Count – PDA, 25 Degree Celsius 5 Days (cfu/m3)

500

အပူချိန်(temperature)၊ Relative Humidity(%) နှင့် လေအလျင်(air velocity) တို့သည် သက်သောင့်သက်သာဖြစ်ခြင်းနှင့်သာ သက်ဆိုင်သော်လည်း ကျန်အချက်များသည် ကန့်သတ်ထားသည့် တန်ဖိုး များထက် ပိုများပါက ကျန်းမာရေးနှင့် ရေရှည်တွင် အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်။

၇.၁.၁ လေအရည်အသွေး ညံ့ဖျင်းသည့် အကြောင်းများ (Causes of Poor IAQ)

 

(၁)

လေအရည်အသွေးနှင့် သက်ဆိုင်သည့် ပြဿနာများ(IAQ problems) ၏ ၅၀% ခန့်သည် လေဝင် လေထွက် မကောင်းခြင်း(inadequate ventilation)ကြောင့် ဖြစ်သည်။

 

(၂)

လေရယူသည့် နေရာ မမှန်ကန်ခြင်း (poor intake/exhaust locations)

 

(၃)

လေသန့်စင်မှု မလုံလောက်ခြင်း သို့မဟုတ် လေစစ်များ မသန့်ရှင်းခြင်း

(inadequate filtration or dirty filters.)

 

(၄)

Intermittent airflow ဖြစ်ပေါ်ခြင်း

 

(၅)

လေဖြန့်ဖြူးမှု မညီညာခြင်း (poor air distribution.)

 

(၆)

မောင်းနှင်လည်ပတ်မှု ညံ့ဖျင်းခြင်း (inadequate operation)

 

(၇)

ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ မလုံလောက်ခြင်း (inadequate maintenance)

၇.၁.၂ လေအရည်အသွေး (IAQ) ကောင်းမွန်အောင် ထိန်းသိမ်းနည်းများ (IAQ Control Methods)

(၁)

ရှိသင့်ရှိထိုက်သည့် အပူချိန် နှင့် စိုထိုင်းဆ ရှိအောင် ထိန်းထားနိုင်ခြင်း

(control temperature and humidity)

(၂)

သန့်ရှင်း လတ်ဆတ်သည့် လေသစ်များထည့်ပေးခြင်းဖြင့် လေညစ်ညမ်းမှု လျော့နည်းသွားအောင်

ပြုလုပ်ခြင်း (ventilation - dilution)

(၃)

အညစ်အကြေးထွက်သည် အရာများကို ဖယ်ရှားခြင်း(remove pollution source.)

(၄)

လေစစ်များဖြင့် သန့်စင်အောင် ပြုလုပ်ခြင်း (filtration)

၇.၁.၃ လေအရည်အသွေး(IAQ) အပေါ် အကျိုးသက်ရောက်နိုင်သည့် အချက်များ (IAQ Factors)

အောက်တွင် ဖော်ပြထားသည့် အချက်များသည် လေအရည်အသွေး(air quality)ကို ထိခိုက်စေနိုင် သောကြောင့် တတ်နိုင်သမျှ ကင်းစင် ပပျောက်အောင် ကြိုးစားသင့်သည်။

(၁)

အပူများနှင့် ရေငွေ့ပါဝင်မှု(thermal environment)

(၂)

မီးခိုးများ(smoke)

(၃)

အနံ့ဆိုးများ(odors)

(၄)

ယားယံစေသည့် အမှုန်၊ အမှိုက်များ (irritants dust)

(၅)

Stress problems (perceptible, nonperceptible)

(၆)

အဆိပ်ဓာတ်ပါဝင်နေသည့် ဓာတ်ငွေ့များ(toxic gases carbon monoxide, carbon dioxide)

(၇)

ဓာတ်မတည့်သည့် ဝတ်မှုန်များ(allergens pollen)

(၈)

ဗက်တီးရီးယားများ၊ ဗိုင်းရပ်များ၊ ပိုးမွှားများ (biological contaminants ­ bacteria ၊ mold ၊ pathogens၊ legionella ၊ micro organisms ၊ fungi )

၇.၁.၄ လေအရည်အသွေး (IAQ) နှင့် လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels)

လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့(CO2)သည် ကျန်းမာရေးကို ထိခိုက်စေသည်။

(၁)

ပြင်ပလေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု(CO2 Levels)သည် 350 PPM  မှ 400 PPM  ခန့် ဖြစ်သည်။

(Outdoor background level: 350 PPM CO2 avg.)

(၂)

ASHRAE Standard 62 အရ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels) သည် 1000 PPM ထက်ပို မများသင့်ပေ။

(ASHRAE Standard 62 recommends: 1000 PPM CO2 max.)

(၃)

OSHA and U.S. Air Force standard အရ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels) သည် 650 PPM ထက် ပိုမများသင့်ပေ။

(OSHA and U.S. Air Force standard: 650 PPM CO2 max.)

(၄)

လူများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels) 800–1000 PPM ထက် များသည့်အခါ သက်သောင့်သက်သာမဖြစ်ခြင်း၊ ကျန်းမာရေး ထိခိုက်နိုင်ခြင်း တို့ စတင်ဖြစ်ပေါ်သည်။

(Human discomfort begins: 800–1000 PPM CO2.)

(၅)

ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels) 12,000 PPM ထက် ပိုများသည့် နေရာတွင် ကြာရှည်စွာ နေထိုင် လုပ်ကိုင်ရသည့်အခါ ရောဂါဆိုးများ ရရှိနိုင်သည်။

(Long term health effects: >12,000 PPM CO2.)

လေဝင်လေထွက် ကောင်းအောင်(ventilation) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များမှာ

(က)

 လူများရှိရာ(occupied space)နေရာမှ အပူများကို ဖယ်ရှားပစ်ရန် (remove heat)

(ခ)

ဗက်တီးရီးယားများ၊ အနံ့ဆိုးများ၊ အမှုန်များ နှင့် အနရာယ်ဖြစ်စေသည့် ကာဗွန်မိုနော့ဆိုဒ်(CO) ၊ ကာဗွန်ဒိုင် အောက်ဆိုဒ်(CO)ဓာတ်ငွေ့များ စသည့် အညစ်အကြေး(contaminant)များ ဖယ်ရှားပစ်ရန်

(ဂ)

လူများနေရန် သင့်လျော်သော လက်ခံနိုင်သည့် လေအရည်အသွေး(acceptable indoor air quality) ရရှိရန် တို့ဖြစ်သည်။

ထိုနေရာမှ လေများကို အဆက်မပြတ် စွန့်ထုတ်ပစ်နေရမည်ဖြစ်ပြီး ပြင်ပလေ(outdoor air)ဖြင့် အစားထိုးပေးရမည်။ လိုအပ်သည့် ပြင်ပလေ(outdoor air)ပမာဏသည် အခန်းနေရာကို လိုက်၍  ကွဲပြားသည်။

သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်းကို “Natural Ventilation” ဟုခေါ်သည်။ စက်တစ်မျိုးမျိုးကို အသုံးပြု၍ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ခြင်းကို “Mechanical Ventilation” ဟု ခေါ်သည်။ အခန်းတစ်ခု သို့မဟုတ် နေရာတစ်ခုသည် သဘာဝအတိုင်း လေဝင်လေထွက်(naturally ventilated) ကောင်းအောင် မပြုလုပ်နိုင်လျှင် စက်တစ်မျိုးမျိုးဖြင့် လေဝင်လေထွက် ကောင်းအောင် ပြုလုပ် (mechanical ventilated) ထားရမည်။ သို့မဟုတ် air conditioning ပေးထားသည့် နေရာဖြစ်ရမည်။

စက်တစ်မျိုးမျိုးဖြင့် လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားသည့်နေရာ(mechanically ventilated space)ကို air con မပေးရ။ သဘာဝအတိုင်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်စီမံထားသည့် နေရာ (naturally ventilated space) မဖြစ်စေရ။

Air conditioning ပေးထားသော နေရာများ၊ အခန်းများအတွင်း၌ လုံးဝဆေးလိပ်သောက်ခွင့် မပြုရ။ သတ်မှတ် ထားသောနေရာ၊ ဆေးလိပ်သောက်ရန်အတွက် ပြုလုပ်ထားသော ဆေးလိပ်သောက်ခန်း(smoking room)များတွင်သာ ဆေးလိပ်သောက်ခွင့် ရှိသည်။ ဆေးလိပ်သောက်ခန်းများကိုလည်း စည်းမျဉ်း စည်းကမ်းများ (code)အတိုင်း စနစ်တကျ ဆောက်လုပ်ထားရမည်။

သဘာဝအတိုင်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ထားသည့်(naturally ventilated)အခန်းများ သို့မဟုတ် လူများနေရန် နေရာ(occupied space)များ နှင့် စက်တစ်မျိုးမျိုးဖြင့် လေဝင်လေထွက် ကောင်းအောင် (mechanically ventilated)ပြုလုပ်ထားသည့် အခန်းများကို ဗိသုကာပုံများ(architectural drawing)ပေါ်တွင် ရှင်းလင်းစွာ ဖော်ပြရမည်။ ပုံများ(drawing)များကို ပြုပြင်ထိန်းသိမ်းခြင်း(maintenance)နှင့် ချို့ယွင်းချက် ရှာဖွေခြင်း(trouble shooting) တို့ပြုလုပ်ရန် အတွက် စနစ်တကျ သိမ်းဆည်းထားရန် လိုအပ်သည်။

၇.၂ သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း(Natural Ventilation)

ပုံ ၇-၁ Use of Wind pressure on building (Cross Ventilation)

ပုံ ၇-၂  Venturi effect

Principle of Natural Ventilation

သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်း(natural ventilation)သည် အောက်ပါ အချက်များပေါ်တွင် အခြေခံသည်။

 

(၁)

Wind pressure on building

 

(၂)

Venturi effect

 

(၃)

Chimney effect နှင့်

 

(၄)

Stack effect တို့ ဖြစ်သည်။

ပုံ ၇-၃ Atrium တစ်ခုအတွင် chimnery effect ဖြစ်ပေါ်ပုံ

ပုံ ၇-၄  Stack driven natural ventilation

ပုံ ၇-၅  Wind driven natural ventilation

၇.၂.၁ Stack Effect  

အဆောက်အဦ သို့မဟုတ် အခန်းအတွင်းရှိ အပူချိန်(inside temperature)နှင့် အပြင်ဘက်ရှိ အပူချိန် (outside temperature)တို့ ခြားနားချက်(temperature difference)ကြောင့် “Stack Effect” ဟုခေါ်သည့် natural ventilation ဖြစ်ပေါ်သည်။ Non-mechanical airflow တစ်မျိုး အဆောက်အဦ အတွင်းဖြစ်ပေါ် သည်။ ပြင်ပတွင် တိုက်ခတ်နေသည့် လေဖိအား(wind pressure)ကြောင့်လည်း “Stack Effect” ဖြစ်ပေါ် နိုင်သည်။ 

အခန်းအတွင်း(inside) နှင့် အပြင်(outside)ဘက်ရှိ လေအပူချိန် ကွာခြားချက် (temperature difference)ကြောင့် လေသိပ်သည်းဆ(air densities) မတူညီမှု ဖြစ်ပေါ်လာသည်။ ပူသည့်လေသည် ပေါ့ပါးကာ အထက်သို့ တက်သည်။ ထိုလေသိပ်သည်းဆ(air densities) မတူညီမှုကြောင့် လေဖိအား ကွာခြားမှု(pressure difference)ကြောင့် လေသည် အောက်မှ အထက်သို့တက်ခြင်း သို့မဟုတ် အထက်မှ အောက်သို့ ဆင်းခြင်း စသည့် “vertical air movement” ဖြစ်ပေါ်သည်။

လက်တွေ့ အခြေအနေတွင် တိုက်လေဖိအား(wind pressures)ကြောင့် stack effect ကို ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေသည်။ ပြင်ပတိုက်လေဖိအား(wind pressure)ကြောင့် modify stack effect ဖြစ်ပေါ်သည်။ ထိုအကြောင်းကို CIBSE AM 10 Natural ventilation in non-domestic buildings တွင် အသေးစိတ် လေ့လာ ဖတ်ရှုနိုင်သည်။  

လေဖိအားကွာခြားမှု(pressure difference)ကြောင့် လေများရွေ့လျားခြင်း(air movement)  ဖြစ်ပေါ် သည်။ သို့သော် အပူချိန်ကွာခြားချက်(temperatures difference)ပေါ်တွင် မူတည်သောကြောင့်  ventilation application များ အားလုံးတွင် stack effect ကို အသုံးပြုရန် မသင့်လျှော်ပေ။

Stack effect ကြောင့်ဖြစ်ပေါ်သော လေရွေ့လျားမှု(air movement) ပိုကောင်းစေရန် အတွက် အဆောက်အဦ သို့မဟုတ် အခန်း လေဝင်ပေါက်(inlet point)များနှင့် လေထွက်ပေါက်(air outlet point)များ ထားရှိရန် လိုအပ်သည်။

လေဝင်ပေါက်(inlet point)နှင့် လေထွက်ပေါက်(air outlet point) တို့၏ ဒေါင်လိုက်အမြင့် (vertical distance) များလေ stack effect ပိုအားကောင်းလေ ဖြစ်သည်။

လေသွားရာလမ်းကြောင်း(direction of air flow)သည် အခန်းအတွင်းနှင့် အခန်းပြင်ပ အပူချိန် တန်ဖိုးများပေါ်တွင် မူတည်သည်။ တစ်နည်းအားဖြင့် အခန်းတွင်အပူချိန်(inside temperature)သည် အခန်း ပြင်ပအပူချိန်(outside temperature)ထက် ပိုမြင့်နေလျှင် လေသည် နိမ့်သည့်အပေါက်မှ ဝင်ရောက်ပြီး အပေါ်သို့ တက်ကာ မြင့်သည့်အပေါက်မှ ထွက်သွားသည်။ အခန်းအတွင်း လေစီးဆင်းမှု(air flow)သည် အောက်မှအထက်သို့(upwards direction) ဖြစ်သည်။ အထူးသဖြင့် နေ့ခင်းနေ့လယ် အချိန်များတွင် ကဲ့သို့ လေစီးဆင်းမှု(air flow) ဖြစ်ပေါ်သည်။

အခန်းအတွင်းရှိ လေ၏အပူချိန်(internal temperature)သည် ပြင်ပလေအပူချိန်ထက် ပိုနိမ့်နေလျှင် လေသည် မြင့်သည့်အပေါက်မှ ဝင်လာပြီး နိမ့်သည်အပေါက်မှ ထွက်သွားသည်။ အခန်းအတွင်း လေစီးဆင်းမှု (airflow)သည် အထက်မှအောက်သို့(downwards direction) ဖြစ်သည်။ အထူးသဖြင့် ညအချိန်များတွင် ကဲ့သို့ လေစီးဆင်းမှု(air flow) ဖြစ်ပေါ်သည်။

ဘေးကာများ တပ်ဆင်ထားသည့် စက်များ(machine enclosure)တွင်လည်း စက်အတွင်းရှိ အပူချိန် မတက်စေရန် အတွက် “Stack Effect” အသုံးပြုကြသည်။ စက်အတွင်းမှ ထွက်သည့် အပူများလျှင် စက်များ၏ အပေါ်ဘက်နှင့် အောက်ဘက်တွင် အပေါက်များ ဖောက်ကာ မြင့်မားသည့်(tall enclosure)စက်အဖြစ် ဒီဇိုင်း ပြုလုပ်သင့်သည်။ ထိုအခါ stack effect ကြောင့် ဖြစ်ပေါ်လာသည့် လေစီးဆင်းမှု(airflow)ကြောင့် စက်အတွင်းရှိ အပူချိန်(internal temperature) ကျဆင်းကာ စက်များ အဆက်မပြတ်မောင်းရန် လက်ခံနိုင်သည့် အခြေအနေ (acceptable operating condition)သို့ ရောက်နိုင်သည်။

နမူနာ အဆောက်အဦတစ်ခုအတွက် လေစီးဆင်းမှု(airflow) ခန့်မှန်းပုံ တွက်နည်းပုံစံများ)ကို CIBSE guide A မှ chapter 4 တွင် standard calculations မှ ကိုးကားနိုင်သည်။ လေဖိအား(wind pressure)ကို ပါထည့်တွက်ထားသည့် တွက်နည်းကိုလည်း အခန်း(၄)[chapter-4]တွင် လေ့လာနိုင်သည်။ ပို၍ ရှုပ်ထွေးခက်ခဲ သည့် အဆောက်အဦများ(more complex arrangement of opening layouts)အတွက် အချက် အလက်များကို CIBSE publication AM10 Natural ventilation in non-domestic buildings 2005 တွင် မှီငြမ်းကိုးကား နိုင်သည်။

“Stack Effect” အားသာချက်များ

 (၁)

 “Stack Effect” ကြောင့် ဖြစ်ပေါ်သော လေစီးဆင်းမှု(air flow)သည် လေတိုက်ခြင်း အပေါ်တွင် မူမတည်ပါ။ (does not rely on wind)

(၂)

 အပူချိန် ကွာခြားချက် ရှိနေသမျှ လေစီးဆင်းမှု(air flow) ပုံမှန် ဖြစ်ပေါ်နေလိမ့်မည်။

(၃)

လေဝင်ပေါက် နှင့် လေထွက်ပေါက်ကိုသာ မှန်ကန်စွာ ရွေးချယ်ရန် လိုအပ်သည်။ (Greater control in choosing areas of air intake)

(၄)

စွမ်းအင်မလိုဘဲ လေဝင်လေထွက်(ventilation) ရရှိနိုင်သည့်နည်း ဖြစ်သည်။ (Sustainable method)

 

“Stack Effect” အားနည်းချက်များ

(၁)

လေစီးနှုန်း အနည်းငယ်သာ ရနိုင်သည်။

(၂)

အပူချိန် ကွာခြားချက် အပေါ် မှီခို အားထား ရသည်။ (Relies on temperature difference)

(၃)

လေဝင်ပေါက်နှင့် လေထွက်ပေါက်များ ထားရန်အတွက် အသင့်လျော်ဆုံးသောနေရာများ ရရှိရန် ခက်ခဲတတ်သည်။ ကုန်ကျစရိတ် များသည်။ (Design restrictions)

(၄)

လေဝင်ပေါက်ကို နိမ့်သည့်နေရာတွင် ထားရသောကြောင့် လေကောင်းလေသန့် ရရှိရန် ခက်ခဲသည်။

၇.၂.၂ ဒီဇိုင်းလုပ်ရန် လိုအပ်သော အချက်အလက်များ (Design Information)

(က)

အမျိုးအစား(type)၊ အရွယ်အစား(size) နှင့် လေဝင်လေထွက်ပေါက်များ တည်ရှိရာနေရာများ(location of openings)

(ခ)

လေဝင်ပေါက်နှင့် လေထွက်ပေါက်(opening) များ၏ အမျိုးအစား(type) နှင့် ပုံသဏ္ဌာန်(shape)တို့သည် လေစီးဆင်းမှု(airflow)ကို အကျိုးသက်ရောက်မှု ရှိစေသောကြောင့် အတိအကျတိုင်းတာရန် လိုအပ် သည်။

၇.၂.၃ ဒီဇိုင်းလုပ်ရန် အဓိက အချက်(Key Design Inputs)

(က)

အတွင်းအပူချိန်(inside air temperatures) နှင့် ပြင်ပလေအပူချိန်(outside air temperatures) ကို (°C) ဖြင့်သိရန် လိုအပ်သည်။ အတွင်းနှင့် အပြင် အပူချိန် ခြားနားချက်ကြောင့်(difference between inside and outside temperatures) လေသိပ်သည်းဆ(density)ကွဲပြားကာ လေဖိအား(pressure) ကွာခြားမှု ဖြစ်ပေါ် လာသည်။ လေဖိအား(pressure) ကွာခြားမှုကြောင့် stack effect ဖြစ်ပေါ်လာသည်။ 

(ခ)

လေဝင်ပေါက်နှင့် လေထွက်ပေါက် အမြင့်အကွာအဝေး(height difference between inlet and outlet)ကို မီတာ(meter)ဖြင့် သိရန်လိုအပ်သည်။ လေဝင်ပေါက်နှင့် လေထွက်ပေါက် အမြင့်ကွာခြားချက် များလေ stack effect ပိုအားကောင်းလေ ဖြစ်သည်။

၇.၂.၃ Design outputs

Cross ventilation ၊ single-sided ventilation စသည့် ventilation အမျိုးအစား(type)များ ၊ schedule of window types ၊ actuators စသည့် control လုပ်နည်းများ နှင့်  schedule of transfer grilles ပါဝင်သည့် ventilation strategy နှင့် specification များကို သတ်မှတ်နိုင်ရန် ဖြစ်သည်။

 

Ventilation performance ကို ခန့်မှန်းရန်

 

သင့်လျှော်သည့် solar shading လိုအပ်ချက်များကို သတ်မှတ်ရန်

 

လေစီးဆင်းရာလမ်းကြောင်းများ(air flow paths)ကို ဖော်ပြထားသော layout plan drawings ရေးဆွဲရန်

 

သင့်လျော်သည့် control philosophy ချမှတ်ပေးရန် တို့ဖြစ်သည်။

၇.၂.၄ တွက်နည်း (Calculation Approach)

(၁)

အဆောက်အဦပုံစံ(Building layout) နှင့် သင့်လျော်သည့် တွက်နည်း ပုံစံကို ရွှေးချယ်ပါ။

(၂)

အခန်းအတွင်း အပူချိန်(inside temperature)နှင့် ပြင်ပလေအပူချိန်(outside air temperature) တို့ကို သတ်မှတ်ပါ။ ရာသီဥတု အချက်အလက်များ (weather data)မှ ရယူပါ။

(၃)

လေဝင်ပေါက်နှင့် လေထွက်ပေါက်တို့၏ အမြင့်ကွာခြားချက်(height difference between the inlet and outlet points)ကို ရှာပါ။ Centre to entre distance ဖြင့် တွက်ရမည်။

(၄)

လေဝင်ပေါက်နှင့် လေထွက်ပေါက်တို့၏ အမျိုးအစား(type)၊ အရွယ်အစား(size)နှင့် ပုံသဏ္ဌာန်(shape) တို့ကို သတ်မှတ်ပါ။

(၅)

အဆောက်အဦ အတွင်း၌ ဖြစ်ပေါ်မည့် လေစီးနှုန်း(volume flow rate)ကို တွက်ရန်အတွက် ပုံသေနည်း၊ ညီမျှခြင်းများတွင် တန်ဖိုးများ(values)ကို ထည့်ပါ။

၇.၂.၅ Design Watch Points

(က)

လေစီးကြောင်း၏ ဦးတည်ရာ(direction of air flow)သည် ပြင်ပအပူချိန်(outside temperature) ပေါ်တွင် မူတည်သောကြောင့် ပြင်ပအပူချိန်(outside temperature) ပြောင်းလဲသည့်အခါ လေစီး ဆင်းရာဘက်(air flow direction)သည် ပြောင်းလဲလိမ့်မည်။ ထို့ကြောင့် ပြင်ပအပူချိန် (outside temperature) ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သည့် အချက်များကို သတိထားပါ။

(ခ)

Stack effect ကြောင့်ဖြစ်ပေါ်သည့် လေစီးဆင်းမှု(airflow)သည် အခန်းအတွင်းရှိ လေဖိအား အလွန် မြင့်မားလာခြင်း မဖြစ်စေရန် သတိပြုသင့်သည်။ ဒီဇိုင်းလေစီးနှုန်း(design airflow patterns)ကို မထိခိုက်စေရန် သတိပြုသင့်သည်။

(ဂ)

Stack effect ကြောင့် ဖြစ်ပေါ်သော natural ventilation ရရန်အတွက် လေဝင်ပေါက်နှင့် လေထွက် ပေါက်များကို ဖွင့်ထားရသောကြောင့် လုံခြုံမှု ကင်းမဲ့သည်။

(ဃ)

အခန်းအတွင်းရှိ ခန်းစီးများ၊ လိုက်ကာများကြောင့်လည်း ဒီဇိုင်း လုပ်ထားသည့် လေစီးနှုန်း ရရှိရန် ခက်ခဲ လိမ့်မည်။ Stack effect သည် ဇုန်တစ်ခုတည်းအတွက် အကောင်းဆုံးဖြစ်သည်။

References for Natural Ventilation

·

CIBSE Guide A, Environmental Design, 2006, ISBN 1 903287 66 9

·

CIBSE, Natural Ventilation in Non-Domestic Buildings, AM10, 2005, ISBN 1 903287 56 1

·

AIVC 1998, TN 44 Numerical Data for Air Infiltration & Natural Ventilation Calculations,

ISBN 1946075972

Natural Ventilation Guidelines:

· Whole Building Design Guide, National Institute of Building Sciences

 

http://www.wbdg.org/resources/naturalventilation.php

· "Natural Ventilation for Infection Control in Health-Care Settings," a report (including design guidelines) by World Health Organization for naturally ventilated health-care facilities.

 

http://whqlibdoc.who.int/publications/2009/9789241547857_eng.pdf

Natural Ventilation အကြောင်း သုတေသနပြုနေကြသည့် တက္ကသိုလ်များ

·

The Center for the Built Environment (CBE), University of California, Berkeley.

 

( http://www.cbe.berkeley.edu)

·

Lawrence Berkeley National Laboratory, Berkeley, California. ( http://www.lbl.gov)

·

Department of Architecture, Massachusetts Institute of Technology.

 

(http://architecture.mit.edu/building-technology/program/research-topics)

၇.၃ Mechanical Ventilation     

Mechanical Ventilation System များကို အတိုခေါက်အားဖြင့် MV System ဟူ၍ ခေါ်ဆိုလေ့ ရှိသည်။ ရေချိုးခန်းများ(bathroom)၊ အိမ်သာများနှင့် သန့်စင်ခန်းများ(toilet)၊ သေတ္တာငယ်များ ထားရှိရာ အခန်း(locker room)များ နှင့် ထိုကဲ့သို့ အသုံးပြုသည့် အခန်းများ(similar facility)များအတွက် သဘာဝ အတိုင်း လေဝင်လေထွက် ကောင်းအောင်(natural ventilation)ပြုလုပ်ထားခြင်း မရှိပါက စက်တစ်မျိုးမျိုးဖြင့် လေဝင်လေထွက်ကောင်းအောင်(mechanical ventilation) ပြုလုပ်ပေးရမည်။ ထိုအခန်းများအတွက် ပြင်ပလေ (outdoor air)ကို ventilation duct မှတစ်ဆင့် ပေးပို့နိုင်သည်။ Air condition unit တပ်ဆင် ပေးထားနိုင်သည်။

ပြတင်းပေါက်များ မှတစ်ဆင့် သဘာဝအတိုင်း လေဝင်လေထွက် ကောင်းအောင်(naturally ventilate) လုပ်ပေးနိုင်သည်။ တံခါးများကို တရုတ်ကပ်(louver)များနှင့် ပြုလုပ်ထားခြင်းဖြင့် လေဝင်လေထွက် ကောင်းစေ နိုင်သည်။ Exhaust air များအတွက် အစားထိုး ထည့်ပေးမည့်လေ(replacement air)ပမာဏသည် စုပ်ထုတ်မည့်လေ(exhaust air)ပမာဏထက် ပိုမများစေရ။

၇.၃.၁ အခန်းအတွင်း၌ Positive Pressure ဖြစ်ပေါ်ခြင်းနှင့် Negative Pressure ဖြစ်ပေါ်ခြင်း

ပုံ ၇-၆ Supply air သည် exhaust air  ထက်များ လျှင် အခန်းထဲတွင် “Positive Pressure” ဖြစ်ပေါ် သည်။

ပုံ ၇-၇ Supply air သည် exhaust air    ထက်နည်းလျှင် အခန်းထဲတွင် “Negative Pressure”  ဖြစ်ပေါ်သည်။

mixed.bmp

ပုံ ၇-၈ Mixing (dilution) ventilation

ပုံ ၇-၉ Displacement ventilation

၇.၄ Hospital Operation Room Ventilation

ခွဲစိတ်ခန်းများ၏ air distribution system ကို ရုံးခန်းများ နှင့် shopping center များ၏ air distribution system များထက် ပို၍ ဂရုတစိုက် အသေးစိတ် တိကျစွာ ဒီဇိုင်းပြုလုပ်ရန် လိုအပ်သည်။ အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး ၊ လူနာများနှင့် ဆရာဝန်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။  ရုံးခန်းများ အတွက် air distribution system ဒီဇိုင်း ပြုလုပ်ရာတွင် supply air ကို အခန်းအတွင်းသို့ ရောက်အောင် ပို့ပေးရုံဖြင့် supply air နှင့် room air တို့ ရောနှော(mix)သွားကာ အခန်းအတွင်း၌ အပူချိန် တစ်သမတ်တည်း တူညီသည့်ဇုန်(uniform temperature zone) ဖြစ်ပေါ် လာနိုင်သည်။ ထိုကဲ့သို့ air distribution system မျိုးကို ဆေးရုံရှိ ခွဲစိတ်ခန်းများအတွက် အသုံးပြုရန် မသင့်လျော်ပါ။

လေထဲ တွင်ရှိသော အညစ်အကြေး(airborne contaminant)များသည် အခန်းအတွင်းရှိ နေရာ အားလုံးသို့ ပျံ့နှံ့ရောက်ရှိ သွားလိမ့်မည်။ ခွဲစိတ်ခန်း၏ air distribution system ဒီဇိုင်းသည် သက်သောင့် သက်သာ(thermal comfort)ဖြစ်စေရုံ သာမက အညစ်အကြေး(airborne contaminant)များကို စိတ်ချစွာ ထိန်းချုပ်ထားနိုင်ရန် လိုအပ်သည်။ အညစ်အကြေး(airborne contaminant)များကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်တတ်သည့် ရောဂါများ(post-operative infection) ရရှိနိုင်သည်။ ထို infection အများစုသည် လူနာ၏ ခန္ဓာကိုယ်မှ သော်လည်းကောင်း၊ ခွဲစိတ်ဆရာဝန်များနှင့် သူနာပြုများမှ သော်လည်းကောင်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကြောင့် သော်လည်းကောင်း ရောဂါကူးစက် ခံရခြင်း ဖြစ်သည်။

ခွဲစိတ်ခန်းအတွင်းသို့ ပြင်ပမှ အမှုန်၊ ဖုန်များ(particles) မဝင်ရောက်နိုင်ရန် ventilation system တွင် High Efficiency Particulate Filter(HEPA)များ အသုံးပြုထားသည်။ အနီးဝန်းကျင်မှ ပိုးမွှားများနှင့် အမှုန် အမှိုက်များ ခွဲစိတ်ခန်း အတွင်းသို့ မဝင်ရောက်နိုင်ရန်(infiltration မဖြစ်စေရန်) ခွဲစိတ်ခန်းအတွင်းတွင် positive pressure ဖြစ်အောင် ပြုလုပ်ထားရမည်။

Airborne contaminant ကို ဖြစ်စေသည့် အဓိက အကြောင်း နှစ်ခုမှာ

(၁)

ခွဲစိတ်ခန်း အတွင်း၌ micro-organism (ဗက်တီးရီးယားများ၊ မှိုများ စသည်တို့) ရှိခြင်း နှင့်

(၂)

Ventilation နှင့် infiltration တို့ကြောင့် အမှုန်၊ ဖုန်များ(particles) ဝင်ရောက်လာခြင်း တို့ ဖြစ်သည်။

ခွဲစိတ်ဆရာဝန်များ၊ သူနာပြုများနှင့် လူနာတို့ကြောင့်လည်း မသန့်စင်မှုများ ပျံ့နှံခြင်း(contamination) ဖြစ်ပေါ်သည်။ Air distribution system သည် ခွဲစိတ်ခန်း(operation room)ဖြစ်ပေါ်လာနိုင်သည့် မည်သည့် အညစ်အကြေး(contamination)ကို မဆို ဖယ်ရှားနိုင်စွမ်း ရှိရမည်။ System သည် contaminate ဖြစ်သွားသည့် လေများ(airborne contaminant ပါဝင်နေသည့် လေများ)ကို ကန့်သတ်ခွဲခြား(isolate)နိုင်ပြီး ခွဲစိတ်ခန်း အတွင်းမှ ဖယ်ထုတ်နိုင်စွမ်း ရှိရမည်။ ဝင်လာသည့် supply air နှင့် ရောနှော(mixing) မသွားအောင်လည်း တားဆီးနိုင်စွမ်း ရှိရမည်။ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးနည်းသည် သန့်ရှင်း လတ်ဆတ်သည့်လေ(fresh air)ကို များနိုင်သမျှ များအောင် ထည့်ပေးခြင်း ဖြစ်သည်။

ပုံ ၇-၁၀ Operation Room Ventilation

သန့်ရှင်းလတ်ဆတ်သည့် လေထည့်ပေးနှုန်း(fresh air ventilation rate) များခြင်းကြောင့် cooling load (latent heat load နှင့် sensible heat load) များလာလိမ့်မည်။ Airborne contaminant များကို ထိန်းချုပ်ထားရန်အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံး(effective)နည်းသည် ခွဲစိတ်ခန်း(operation room)အတွင်းသို့ supply air ကို ညီညီညာညာ ဖြည်းညင်းစွာ(low uniform velocity) ထည့်ပေးခြင်း ဖြစ်သည်။ Low uniform velocity ကြောင့် stable downward air flow ကို ဖြစ်စေသည်။ “Lamina Flow System”ဟုလည်း ခေါ်သည်။ Lamina flow ventilation system တွင် မျက်နှာကြက်(ceiling) တစ်ခုလုံးကို lamina flow diffuser များဖြင့် တပ်ဆင် ထားသည်။ ထိုကဲ့သို့ တူညီသည့် လေအလျင်(uniform velocity) ဖြစ်နေသည့် lamina air flow pattern ရရှိရန် အတွက် ပိုများသည့် လေလည်ပတ်မှုနှုန်း(air change rate)ရှိရန် လိုအပ်သည်။ ပိုများသည့် လေလည်ပတ်မှုနှုန်း(air change rate)ကြောင့် စွမ်းအင်သုံးစွဲမှု(energy consumption) ပိုများလိမ့်မည်။  ထို့ကြောင့် စွမ်းအင်အတွက် ကုန်ကျစရိတ်(energy  cost) ပိုများ လိမ့်မည်။

စွမ်းအင်သုံးစွဲမှုနှုန်း(energy consumption) သက်သာစေရန်အတွက် lamina air flow ကို ခွဲစိတ်ခန်း တစ်ခုလုံးအတွက် မပေးဘဲ အရေးကြီးသည့်နေရာ(critical zone)ဖြစ်သည့် ခွဲစိတ်ခုတင်(operation table) အနီး ဝန်းကျင်ကို သာပေးခြင်းဖြင့် လိုအပ်သော လေလည်ပတ်မှုနှုန်း(air change rate)ကို လျှော့ချနိုင်သည်။ ထိုကဲ့သို့ ဒီဇိုင်းမျိုးတွင် lamina flow diffuser များကို မျက်နှာကြက်တစ်ခုလုံး အပြည့်တပ်ဆင်ရမည့်အစား ခွဲစိတ်ခုတင် (operation table) အပေါ်တည့်တည့်တွင်သာ တပ်ဆင်ထားသည်။ Lamina flow diffuser များမှ လေသည် ညင်သာစွာ(low face velocity) ဆင်းလာသော်လည်း diffuser များ မရှိသည့် ဘေးဘက်တွင် entrenchment of room air ဖြစ်ပေါ်လာသည်။

Supply air အပူချိန်နှင့် အခန်းအတွင်းရှိ လေ၏အပူချိန် ခြားနားချက်(temperature differential) တို့ကြောင့် supply air  သည် discharge air envelope ၏ အလည်သို့ ဦးတည်သွားသည်။ ထို့ကြောင့် diffuser မှ အကွာအဝေးများလာသည့်အမျှ သန့်ရှင်းသောနေရာ(clean zone)သည် ကျဉ်းမြောင်းသွားသည်။ ဒီဇိုင်း ပြုလုပ်စဉ် Lamina flow diffuser များ နေရာချသည့်အခါတွင် ဤအချက်ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်။

Lamina flow ventilation system မှထွက်လာသည့် supply air များသည် HEPA filter(High Efficiency Particulate Air Filter)များဖြင့် စစ်ပြီးသားဖြစ်သည်။ HEPA filter များသည် lamina flow ventilation system တွင် ပါဝင်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ HEPA filter များကို ခွဲစိတ်ခန်း(operation room)၏ အပြင်ဘက် နေရာတွင် ထားရှိသောကြောင့် လေစစ်(filter)လဲခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများပြုလုပ်ရန် အတွက် sterilized လုပ်ထားသည့် ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်ရန် မလိုပေ။ Diffuser များအနီးတွင် တပ်ဆင်ထားသော HEPA filter အမျိုးအစားမျိုး ရှိသည်။ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်၊ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသော်လည်း sterilized လုပ်ထားသည့် ခွဲစိတ်ခန်း အတွင်းသို့ ဝင်ရောက်ပြီးမှသာ ပြုလုပ်၍ ရသည်။

ပုံ ၇-၁၁ Lamina Flow - Full Ceiling Supply

ပုံ ၇-၁၂ Lamina Flow - Partial Ceiling Supply

အမှန်တကယ် အရေးကြီးသောနေရာဖြစ်သည့် clean zone သည် ခွဲစိတ်ခုတင်(operation table)၏ အနီး ပတ်ဝန်းကျင်သာ ဖြစ်သည်။ မျက်နှာကြက်အပြည့် “Full Ceiling Lamina Flow Ventilation System” ပြုလုပ်ရမည့်အစား ခွဲစိတ်ခုတင် (operating table)၏ အနီးကိုသာ lamina flow ဖြစ်အောင် ပြုလုပ်ပြီး လေလိုက်ကာ(air curtain)နှင့် ကာရံထားခြင်းဖြင့် စွမ်းအင် (energy)အတွက် ကုန်ကျစရိတ်ကို လျော့နည်းစေ နိုင်သည်။

Air curtain ကို linear slot diffuser များဖြင့် ပြုလုပ်နိုင်သည်။ ခွဲစိတ်ခုတင်(operation table)၏ လေးဘက်စလုံးတွင် လေလိုက်ကာ(air curtain)များဖြင့် ကာရံထားသည်။ Linear slot diffuser များကို ခွဲစိတ် ခုတင်(operating table)မှ အနည်းဆုံး (၃)ပေခွာ၍ တပ်ဆင် ထားရမည်။ ခွဲစိတ်သူများ၊ ခွဲစိတ်ကိရိယာများ သန့်ရှင်းသည့်ဇုန်(clean zone)အတွင်း၌ လုံခြုံစွာ ရွေ့လျားသွားလာနိုင်ရန်အတွက် ခွဲစိတ်ခုတင်(operating table)မှ အနည်းဆုံး(၃)ပေခွာထားခြင်း ဖြစ်သည်။ Linear air diffuser များမှ supply air သည် ဒေါင်လိုက်မျဉ်း (vertical line)မှ (၁၅)ဒီဂရီထောင့်ဖြင့် ထွက်လာအောင် ပြုလုပ်ထားရမည်။ (၁၅)ဒီဂရီထောင့်ဖြင့် ထွက်လာ သော supply air များသည် ခွဲစိတ်ခုတင်(operation table)နှင့် အနီးဝန်းကျင် အကြားတွင် အဆီးအတား (barrier) ကြားခံတစ်ခု အနေဖြင့် ကာရံ ပေးထားသည်။

ပုံ ၇-၁၃ An integrated system of laminar flow and linear slot diffusers that minimizes mixing of room and supply air to create a controlled operating room work area.

Contaminated room air ကို အပြင်ဘက်ဆုံးနေရာ(outer boundary layer) မှတစ်ဆင့် ဆွဲငင်စုပ်ယူ သွားပြီး ခွဲစိတ်ခုတင်(operating table)မှ အဝေးဆုံးဖြစ်သော လေစုပ်ပေါက်(exhaust grille)များ ဆီသို့ ရောက်သည်။ ထို့ကြောင့် contaminated room air များကို ပိုမို ထိရောက်စွာ ပြင်းအား လျော့နည်းစေခြင်း (dilution) ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် လျှင်မြန်စွာ ပြင်းအားလျော့နည်းခြင်း(dilution) ဖြစ်စေသည်။

Supply air ၏ ၆၅% မှ ၇၅% ပမာဏကို lamina flow air diffuser မှ ထုတ်ပေးပြီး ကျန်သည့် ၂၅% မှ ၃၅% ကို air curtain  မှ ထွက်အောင်(discharge) လုပ်ပေးခြင်း ဖြစ်သည်။ ခွဲစိတ်ခန်းအတွင်းသို့ ပြင်ပမှ အမှုန်များ၊ အမှိုက်များ၊ ဗက်တီးရီးယားများ မဝင်ရောက်နိုင်ရန် အခန်းအတွင်း၌ “Positive Pressure” ဖြစ်အောင် ပြုလုပ်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ positive pressure အနည်းငယ် ဖြစ်ပေါ်နေစေရန် အတွက် ထည့်ပေးသည့် လေပမာဏ(supply air volume)သည် ပြန်စုပ်ယူသည့် လေပမာဏ(return air volume)ထက် အနည်းငယ် များနေရန် လိုအပ်သည်။ ထည့်ပေးသည့်လေပမာဏ(supply air volume) နှင့် ပြန်စုပ်ယူသည့် လေပမာဏ(return air volume)ကွာဟချက် အရမ်းများမနေစေရန် သတိပြုသင့်သည်။ အကြမ်းအားဖြင့် ပြန်စုပ်ယူသည့် လေပမာဏ(return air volume)သည် ထည့်ပေးသည့် လေပမာဏ(supply air volume) ၏ ၈၅% ခန့် ဖြစ်သင့်သည်။

Return air grille များကို ကြမ်းခင်းမှ (၃)လက်မ မှ (၆)လက်မ အကြား အမြင့်တွင် တပ်ဆင် ထားသင့်သည်။ ထိုကဲ့သို့ exhaust သို့မဟုတ် return air grille ကို အနိမ့်ပိုင်း(low level)တွင် တပ်ဆင် ထားခြင်းကြောင့် contaminated air နှင့် လေထက် အလေးချိန်များသည့် ဓာတ်ငွေ့(gas)များ၊ ဖုန်များ၊ အမှုန်များကို စုပ်ယူ သွားစေနိုင်သည်။ Return air grille လေးခုကို နံရံလေးဘက်စလုံးတွင် တပ်ဆင်ထားရမည်။ နံရံတစ်ဘက်လျှင်တွင် return air grille တစ်ခုစီ တပ်ဆင် ထားရမည်။ အကယ်၍ နံရံလေးဘက်စလုံးတွင် return air grille များ တစ်ခုစီ တပ်ဆင်ရန် မဖြစ်နိုင်ပါက ဆန့်ကျင်ဘက် နံရံနှစ်ဘက်တွင် grille နှစ်ခုစီကို တပ်ဆင်နိုင်သည်။ အနီးကပ်ဆုံး နံရံနှစ်ဘက်တွင် grille နှစ်ခုစီ မတပ်ဆင် မသင့်ပါ။ ထိုသို့ တပ်ဆင်ခြင်းဖြင့် contaminated air များ ခွဲစိတ်ခုတင်(operating table)အနီးသို့ ရောက်ရှိသွား နိုင်သည်။

၇.၄.၁ Ceiling Construction

            ခွဲစိတ်ခန်းများ၏ မျက်နှာကြက်(ceiling)တည်ဆောက်ပုံသည် air distribution system အတွက် အလွန် အရေးကြီးသည်။ Supply air များ ဖိအားများအောင်ပြုလုပ်(pressurization)ရန် အတွက် မျက်နှာကြက် (ceiling)ကို plenum box အဖြစ် တည်ဆောက်ရမည်။  ခွဲစိတ်ခန်း မျက်နှာကြက်ကို နည်းသုံးမျိုးဖြင့် တည်ဆောက်ထား နိုင်သည်။

 

(က)

Dry wall ceiling                                      

 

(ခ)

Gasket T-bar ceiling နှင့်

 

(ဂ)

Combination of Dry wall and T-bar ရောထားသည့် ပုံစံမျိုးတို့ ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းများ၊ ကုသရေးဆိုင်ရာ အဆောက်အဦများ၏ air conditioning system သည် သက်သောင့်သက်သာ(comfort)ဖြစ်စေရုံသာမက ရောဂါမပြန့်ပွားအောင် တားဆီးပေးနိုင်ရမည်။ ထည့်ပေးသည့် လေ(supply air)၏ အပူချိန်ကို အတိုးအလျော့ လုပ်ခြင်းဖြင့် အခန်း၏ အပူချိန်ကို ထိန်းထားခြင်း (temperature control) ဖြစ်သည်။  လေလည်ပတ်နှုန်း(air flow rate)ကို နည်းအောင် များအောင် ပြုလုပ်ခြင်းဖြင့် အလိုရှိသည့် အခန်း အပူချိန်ရအောင် မပြုလုပ်(control)ရ။ တစ်နည်းအားဖြင့် အခန်းအတွင်း၌ အချို့ နေရာတွင် အပူချိန် မြင့်ခြင်း၊ အချို့နေရာတွင် အပူချိန်နိမ့်ခြင်း (temperature gradient) မဖြစ်ပေါ်အောင် ပြုလုပ်ထားရမည်။

အခန်းအတွင်း၌ အခန်းအပူချိန်ကို တစ်သမတ်တည်း(uniform temperature)ဖြစ်အောင် ပြုလုပ် ထားရမည်။ အခန်းအတွင်း၌ တစ်နေရာ နှင့် တစ်နေရာ အပူချိန်ကွာဟချက်(temperature gradient) များပါက မလိုလားအပ်သည့် အပူချိန်ကြောင့် လေရွေ့လျားခြင်း(air movement)ကို ဖြစ်ပေါ်စေသည်။ အခန်းတစ်ခုလုံး အပူချိန်(temperature distribution) တစ်သမတ်တည်း ညီနေအောင်(homogenous)ပြုလုပ်ထား သင့်သည်။ လေ မသန့်ရှင်းမှု များသည့်နေရာ(high contaminated area)တွင် လေအလျင်(air velocity)သည် တစ်စက္ကန့်လျှင် (၀.၂)မီတာနှုန်း(0.2 m/s)ထက် ပိုမများသင့်ပေ။ လူနာများ ထားသည့်အခန်း(patient room) များတွင် တစ်စက္ကန့်လျင် (၀.၁)မီတာနှုန်း(0.1 m/s)သည် သင့်လျော်သည့် လေအလျင်(air velocity) ဖြစ်သည်။ လေအလျင်(air velocity) ကို 0.45 ± 0.10 m/s တွင် ထိန်းထားခြင်းဖြင့် unidirectional lamina flow pattern ကို ရရှိနိုင်သည်။

လေလဲနှုန်း(Air Change per Hour(ACH))သည် အထူးသန့်စင်ရန် လိုအပ်သော နေရာများအတွက် အလွန် အရေးပါသည်။ လူနာများထားသည့်အခန်း(patient room)များအတွက် ထုံးစံအားဖြင့် 2 ACH – 6 ACH အတွင်း ဖြစ်သည်။ Critical room များအတွက် တစ်နာရီလျှင် အခန်းထုထည်၏ (၁၂)ဆနှုန်း(12 ACH)အထိ ထားပေးသည်။ ခွဲစိတ်ခန်း(surgical operating theatre)များအတွက် 15 ACH မှ 25 ACH အထိ ရှိနိုင်သည်။

၇.၅ အဆောက်အဦတိုင်း၏ မရှိမဖြစ် လိုအပ်သော အခန်းများ(Essential Rooms)၏ MV System

မြန်မာနိုင်ငံ လွန်ခဲ့သည့်နှစ်များတွင် ကြီးမားသည့် အဆောက်အဦများနှင့် ဈေးများ မီးလောင် ကျွမ်းခြင်း ခံရသည့်နှုန်း မြင့်မားလာသည်ကို တွေ့ရသည်။ မင်္ဂလာဈေးကြီး၊ သင်္ဃန်းကျွန်းဈေးကြီး၊ မုံရွာဈေးကြီး နှင့် သံဖြူဇရပ်ဈေး မီးလောင်မှုတို့သည် အထင်ကရ ဆုံးရှုံးမှုများ ဖြစ်ကြသည်။ မီးဘေးကာကွယ်ရန် (fire protection)နှင့် မီးလောင်ကျွမ်း ခဲ့သော် ငြိမ်းသတ်ရန်အတွက် ရှိသင့်ရှိထိုက်သည့် Mechanical & Electrical (M&E) System များကို ပြန်လည် ဆန်းစစ်ရန် လိုအပ်သည်။ သတ်မှတ်ထားသော စံချိန်စံညွှန်း(code of practice)များအတိုင်း စနစ်တကျ ဒီဇိုင်းလုပ်၍ တပ်ဆင်ထားရန် လိုအပ်သည်။

ပုံ ၇-၁၄ Escape routes and rescue routres

ပုံ ၇-၁၅ မင်္ဂလာဈေးကြီး မီးလောင်နေပုံ

ACMV ဘာသာရပ် သို့မဟုတ် ACMV အင်ဂျင်နီယာသည် အဆောက်အဦ၏ မီးဘေးကာကွယ်ရန်(fire protection)နှင့် မီးလောင်ကျွမ်းခဲ့သော် ငြိမ်းသတ်ရေးလုပ်ငန်းများ(firefighting)တွင် အရေးပါသည့် အခန်း ကဏ္ဍမှပါဝင်သည်။ မီးလောင်ကျွမ်းရန် အောက်စီဂျင်နှင့် လောင်စာလိုအပ်သည်။ အောက်စီဂျင်သည် လေထဲတွင် ၂၁% ပါဝင်သည်။ ACMV ဘာသာရပ် သို့မဟုတ် ACMV အင်ဂျင်နီယာသည် မီးလောင်ရာတွင် မရှိမဖြစ် လိုအပ်သော အောက်စီဂျင်ကို mechanical ventilation system မှတစ်ဆင့် လိုအပ်သလို စီမံခြင်းဖြင့် မီးငြိမ်း သတ်ခြင်း နှင့် မီးဘေး ကာကွယ်ခြင်း ပြုလုပ်နိုင်သည်။

အဆောက်အဦတစ်ခုတွင် မရှိမဖြစ်လိုအပ်သော အခန်းများ(essential area/rooms) အတွက် Mechanical Ventilation System များ

(က)

အထွက်လှေကား(exit staircase) နှင့် internal passageway (လှေကားများ နှင့် အဆောက်အဦအတွင်း အရေးပေါ် ထွက်ပေါက်များ နှင့် အရေးပေါ်ထွက်ပေါက်သို့ သွားရန်လမ်းများ)

(ခ)

Smoke stop lobby (မီးလောင်လျှင် မီးခိုးများ မပြန့်ပွားစေရန် နှင့် မီးခိုးများကို တားဆီးရန် အတွက် ထားရှိရမည့် အခန်းငယ်များ)

(ဂ)

Generator room (လျှပ်စစ်ဓာတ်အားပေးစက်ခန်း) 

(ဃ)

Fire Command Center(FCC) (အဆောက်အဦ မီးလောင်သည့်အခါ မီငြိမ်းသတ်ရန်နှင့် ကယ်ဆယ်ရန် အတွက် မီးသတ်သမားများ၊ ရဲများ နှင့် တာဝန်ရှိသူများ ကြီးကြပ် ကွပ်ကဲရန်နေရာ အခန်းငယ်)

(င)

Fire pump room (မီးငြိမ်းသတ်ရန် သို့မဟုတ် မီးဘေးကာကွယ်ရန်ထားရှိရမည့် မီးသတ်ပန့်အခန်းများ)

(စ)

Rooms involving use of flammable and explosive substances(မီးလောင်လွယ်သည့် အငွေ့များ နှင့် ပေါက်ကွဲ စေနိုင်သည့်အရာဝတ္ထုများ ထားရှိရာအခန်းများ)

(ဆ)

Kitchen (မီးဖိုချောင်များ၊ ချက်ပြုတ်ခန်းများ)

၇.၅.၁ (က) လှေကားများ(Exit Staircase) နှင့် အရေးပေါ် ထွက်ပေါက်သို့ သွားလမ်းများ(Internal Passageway)

အဆောက်အဦတစ်ခု မီးလောင်ကျွမ်းသည့်အခါ အသက်၊ အိုးအိမ် နှင့် ဥစ္စာဓန ဆုံးရှုံးခြင်းများ ဖြစ်နိုင်သည်။ အသက်ဆုံးရှုံးမှုများဖြစ်ရသည့် အဓိက အကြောင်းအရင်းသည် မီးခိုးများကြောင့် ဖြစ်သည်။ လူများ မီးလောင်ကျွမ်းခံရခြင်း၏ အဓိကတရားခံသည် မီးခိုးများဖြစ်သည်။

Mechanical ventilation system တစ်ခု၏ ဒီဇိုင်း မမှန်ကန်ပါက မီးလောင်ကျွမ်းသည့် အထပ်မှ (နေရာမှ) မီးခိုးများသည် တခြား မီးမလောင်သည် အထပ်သို့(နေရာသို့) ရောက်ရှိသွားပြီး လူများ မီးခိုးသင့်ကာ ဒုက္ခရောက် ကြရသည်။ မီးခိုးများကြောင့်လူများ အမြင်မှုန်ဝါးခြင်း၊ အသက်ရှူ မဝခြင်း နှင့် မွန်းကြပ်ခြင်း တို့ ဖြစ်ကာ လွတ်မြောက်ရန် ခက်ခဲပြီး အသက် ဆုံးရှုံးကြရခြင်း ဖြစ်သည်။

ပုံ ၇-၁၆ Smoke stop lobby

ပုံ ၇-၁၇ Smoke stop lobby (pressurized space)

မီးခိုးများ တစ်နေရာမှ တခြားနေရာသို့ ပျံ့နှံ့သွားစေသည့် အကြောင်းများမှာ stack effect ၊ buoyancy၊ expansion၊ wind နှင့် ဒီဇိုင်းမမှန်သည့် HVAC system များကြောင့် ဖြစ်သည်။ အပူချိန်ကွာခြားချက် (temperature differences)နှင့် လေဖိအားကွာခြားချက်(pressure difference)တို့ကြောင့် “Stack Effect” ဖြစ်ပေါ်လာသည်။ မီးခိုးများသည် ပူသောကြောင့် ပို၍ ပေါ့ပါးလာသည်။  Buoyancy force များကြောင့် မီးခိုးများနှင့် မီးခိုးများပါသည့် လေများသည် အပေါ်သို့ တက်လာကြသည်။

ထိုနောက် မီးခိုးများသည် လှေကားနေရာ(stairwell)များ နှင့် elevator shafts/refuse chute များ ကဲ့သို့ နေရာလွတ် အပေါက်များမှတစ်ဆင့် အဆောက်အဦးအပေါ်သို့ ရောက်လာနိုင်သည်။ တစ်ပြိုင်တည်းပင် ဘေးမှကျလာသည့် လေအေးများက မီးခိုးအချို့ကို အေးစေနိုင်သည်။ သို့သော် မီးတောက်မှ ထုတ်လွှတ်သည့် အပူစွမ်းအင်(heat energy)သည် မီးခိုးများကို တွန်းကန်အား(expansion force)ဖြင့် ပင့်တင်ပေးသည်။ သဘာဝအားဖြင့် မီးလောင်လျှင် မီးခိုးများ အထက်သို့ တက်လေ့ရှိသည်ကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြသည်။

ထို့ကြောင့် MV system တစ်ခု၏ ဒီဇိုင်းသည် မီးခိုးများ မပျံ့နှံ့အောင် ကာကွယ်ရန် တာဝန်ရှိသည်။ အရေးပေါ်ထွက်ပေါက်များ(emergency exit)၊ ဘေးလွတ်ရာသို့ ပြေးထွက်ရန်လမ်းများ(escape route) နှင့်  ထွက်ပေါက်သို့သွားလမ်းများ(exit passage way)ကို လည်း မီးခိုးများ မဝင်ရောက်နိုင်အောင် ကာကွယ် ရမည်။ ဘေးလွတ်ရာသို့ ပြေးထွက်ရန်လမ်း(escape route)၊ အရေးပေါ် ထွက်ပေါက်(emergency exit) နှင့် ထွက်ပေါက်သို့ သွားလမ်းများ(exit passage way)ထဲသို့ မီးခိုးများ မဝင်ရောက်နိုင်အောင်  လေဖိအား (pressure) မြှင့်ထားရမည်။

ဘေးလွတ်ရာသို့ ပြေးထွက်ရန်လမ်းများ(escape route)၊ အရေးပေါ်ထွက်ပေါက်(emergency exit)၊ အရေးပေါ် ထွက်ပေါက်သို့သွားလမ်းများ(exit passage way)အတွက် လိုအပ်သောလေကို သီးသန့် fan ၊ duct ၊ control panel စသည့် တို့ဖြင့် သီးခြား(independent system) ဖြစ်အောင် တပ်ဆင်ထားရမည်။ တစ်နည်း အားဖြင့် တခြားသော system များမှ fan ၊ duct ၊ control panel တို့ဖြင့် ရောနှော တပ်ဆင် အသုံးပြုခွင့် မရှိစေရ။ လေကို မှုတ်ထည့်ခြင်း(supply mode only)အဖြစ်သာ ဒီဇိုင်းလုပ်ရမည်။ 

မှုတ်ထည့်ရန်လေ(supply air)ကို ပြင်ပတစ်နေရာ(outdoor)မှ ရယူရမည်။ တစ်နည်းအားဖြင့် အဆောက်အဦ အတွင်းဘက် တစ်နေရာရာမှ မယူရ။ ထို supply air ယူသည့်နေရာ (intake point)သည် တခြားသော လေဟောင်း လေပုပ်များ စွန့်ထုတ်ရာနေရာ(exhaust opening)မှ အနည်းဆုံး (၅)မီတာကွာဝေး ရမည်။

လွတ်မြောက်ရန်လမ်းကြောင်း(escape route)၊ အရေးပေါ်ထွက်ပေါက်(emergency exit)၊ exit passage way တို့ အတွက် လိုအပ်သောလေကို vertical duct မှတစ်ဆင့် တွန်းပို့ရမည်။ တစ်ထပ်ကျော်တွင် supply air ကို လေထွက်ပေါက်များ(grillers နှင့် diffusers) မှတစ်ဆင့် ထုတ်ပေးခြင်း(discharge) ပြုလုပ် ရမည်။ လှေကားအပြင်၌ရှိသော duct များကို မီးဒဏ်ခံနိုင်သည့် အမျိုးအစားဖြစ်အောင်(fire rated construction) ပြုလုပ်ရမည် သို့မဟုတ် မီးခံပြား(fire rated board)ဖြင့် duct ကို ကာရံ(enclosed)ထားရမည်။

ထိုသို့ မီးခံပြား(fire rated board)ဖြင့် duct ကို ကာရံ(enclosed)ထားရသည့် ရည်ရွယ်ချက်မှာ မီးလောင်နေစဉ်အတွင်း duct မပျက်စီးအောင် ကာကွယ်ရန် နှင့် မီးလောင်နေစဉ်အတွင်း လိုအပ်သည့်လေများ အဆက်မပြတ် ရရှိနေရန် အတွက် ဖြစ်သည်။

P1= Pressurization system pressure

P2= occupied area pressure

 

P1-P2>50 pa

 

Pressure P1 is grater than P2 in occupied space

ပုံ ၇-၁၈ Pressure gradient with smoke stop lobby

သို့သော် ပြင်ပမှလေ(supply air)ကို ရယူထားသောကြောင့် duct တစ်လျှောက်လုံးတွင် fire damper တစ်ခုမှ မတပ်ဆင်ထားရ။ Fire damper တပ်ဆင်ရခြင်း၏ ရည်ရွယ်ချက်မှာ မီးလောင်သည့်နေရာမှ မီးခိုးများ တခြား နေရာသို့ မရောက်စေရန် fire damper ကို ပိတ်ပြီး ပိုင်းခြားခြင်း(isolation) ဖြစ်သည်။ ဤ staricase pressurization duct သည် ပြင်ပတစ်နေရာ(outdoor)မှ လေကို ယူထားသောကြောင့် fire damper ဖြင့် ပိုင်းခြား(isolate)ရန် မလိုအပ်ပါ။

P1= Pressurization system pressure

P1>P2>P3

P1-P3>50 Pa

 

Pressure P1 in staircase is greater than pressure

P2 in Smoke stop lobby

 

P2 is greater than pressure P3 of occupied space

ပုံ ၇-၁၉ Maintaining pressure differential without smoke stop lobby

ပုံ ၇-၂၀ တံခါးဖွင်ရန် လိုအပ်သည့် အားပမာဏ

လွတ်မြောက်ရန်လမ်းကြောင်း(escape route)၊ အရေးပေါ်ထွက်ပေါက်(emergency exit)၊ exit passage way တို့အတွက် လိုအပ်သောလေကို အဆက်မပြတ် ပေးပို့ရန် duct နှင့် fan သည် အဆောက်အဦ ပျက်စီးသည့်တိုင် ကောင်းစွာ အလုပ်လုပ်နေရန် လိုအပ်သည်။ ထို့ကြောင့် staricase pressurization fan တွင် over load protection ထားရှိရန် မလိုအပ်ပါ။

(၂၄)မီတာထက်မြင့်သည့် အဆောက်အဦတိုင်းတွင် သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်း(natural ventilation) မရှိပါက လူများ ထွက်ပေါက်အဖြစ် အသုံးပြုမည့် အထွက်လှေကား(exit staircase)များကို ဖိအားမြင့်အောင်(pressurized) လုပ်ထားရန် လိုအပ်သည်။ မြေအောက်တွင် လေးထပ်ထက် နိမ့်အောင် ဆောက်လုပ်ထားသည့် အဆောက်အဦတိုင်းတွင် မီးသတ်ရန်အခန်း(fire fighting lobby)များ မြေအောက်အထပ်တိုင်းတွင် ထားရှိရမည်ဖြစ်ပြီး မီးသတ်ရန် အခန်း(fire fighting lobby)များ အားလုံးကို လေဖိအားများအောင်(pressurized) ပြုလုပ်ထားရမည်။

ရှိသင့်သည့် လေဖိအားပမာဏ (Pressurization Level)

Pressurized exit staircase အတွင်းရှိ လေဖိအားသည် အသုံးပြုသူများ ရှိသည့်နေရာ(occupied area)ထက် အနည်းဆုံး 50 pascal ပိုများရမည်။ စင်ကာပူရှိ အဆောက်အဦများတွင် ဖိအားပေးထားသော အထွက်လှေကား(pressurized exit staircase) နှင့် occupied area အကြားတွင် smoke-stop lobby ဟုခေါ်သည့် အခန်းငယ်တစ်ခု ပြုလုပ်ထားလေ့ရှိသည်။

ဖိအားမြင့်အောင်လုပ်ထားသည့်လှေကား(pressurized exit staircase)၏ ဖိအားသည် smoke-stop lobby ရှိ လေဖိအားထက် ပိုများရမည်။ Smoke-stop lobby ၏ လေဖိအားသည် အသုံးပြုသူများ ရှိသည့်နေရာ (occupied area) ရှိဖိအားထက် ပိုများရမည်။

Pressurized exit staircase ၌ လေဖိအားများလေ မီးခိုးများ မဝင်ရောက်နိုင်လေ ဖြစ်သည်။ သို့သော် လေဖိအားများလွန်းပါက တံခါးဖွင့်ရန် အလွန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် အနည်းဆုံး လေဖိအားကို 50 Pa ဖြင့် ကန့်သတ်ထားပြီး အများဆုံးကို တံခါးတွန်းဖွင့်ရန် လိုအပ်သည့်အားနှင့် ကန့်သတ်ထားသည်။ လေဖိအားများလေ တံခါးတွန်းဖွင့်ရန် အားများများ လိုလေဖြစ်သည်။ တံခါးပွင့်ရန် လိုအပ်သောအား ပမာဏသည် 110 N ထက် မပိုရပေ။

တံခါးပွင့်၍ ဟသွားသည့်နေရာ မှတစ်ဆင့် မီးခိုများ မဝင်ရောက်နိုင်ရန် လုံလောက်သည့် velocity ရအောင် သင့်လျော်သော လေစီးနှုန်း(air flow)ပမာဏဖြင့် ထိန်းထားရန် လိုအပ်သည်။  ပုံ(၇-၂၃) တွင် ပြထားသည့်အတိုင်း ကပ်လျှက် ရှိသည့် အထပ်နှစ်ထပ်မှ တံခါးနှစ်ချပ် ပွင့်နေသည့်အခါ နှင့် main discharge door လုံးဝ ပွင့်နေသည့်အခါ flow velocity ကို တိုင်းယူ ရရှိနိုင်သည်။ လေအလျင် (velocity)ပမာဏသည် full area of each door opening အတွက် 1.0 m/s ကျော်ရန် လိုအပ်သည်။ လေဖိအားများလာစေရန် အခန်း အတွင်းသို့ ထည့်ပေးရမည့် supply air diffuser များ ကို တစ်နေရာတည်းစုပြုံ တပ်ဆင်ထားခြင်း မပြုလုပ်ရ။

၇.၅.၂ (ခ) Smoke Stop Lobby

(မီးလောင်လျှင် မီးခိုးမကူးရန် နှင့် မီးခိုးများကိုတားဆီးရန် အတွက် ထားရှိရမည့် အခန်းငယ်များ)

Smoke-stop lobby ကို smoke-free lobby ဟုလည်း ခေါ်လေ့ရှိသည်။ Smoke-stop lobby သည် အထွက်လှေကား(exit staircase) နှင့် ထိစပ်နေသည့် အခန်းငယ် ဖြစ်သည်။ တစ်နည်းအားဖြင့် အထွက် လှေကား(exit staircase) နှင့် user occupied area အကြားရှိသော အခန်းငယ် ဖြစ်သည်။ လူများရှိသည့် နေရာ(user occupied area)သည် မီးစတင်လောင် ကျွမ်းသည့်နေရာ သို့မဟုတ် မီးကူးခံရသည့် နေရာ ဖြစ်သည်။ User occupied area မီးစတင် လောင်ကျွမ်းသည့်အခါ သို့မဟုတ် မီးကူးခံရသည့်အခါ မီးခိုးများ အထွက်လှေကား(exit staircase)ထဲသို့ မဝင်ရောက်စေ နိုင်ရန်အတွက် အကာအကွယ် ပေးထားသည့် ကြားခံ အခန်းငယ် တစ်ခု(smoke stop lobby)လည်း ဖြစ်သည်။

                                                                 

 

Smoke-stop lobby ၏ လေဖိအားသည် အထွက်လှေကား (exit staircase) ထက် အနည်းငယ် နည်းပြီး၊ user occupied area အထက်များ ရမည်။ လူများ ဝင်ထွက် သွားလာမှုကြောင့် တခါးပွင့် နေစဉ် ဖိအား များသည့်လေ (pressurized air) များ ထွက်သွား၍ လေဖိအားကျဆင်း သွားပါက ချက်ချင်း လိုအပ်သည့် လေဖိအားသို့ ရောက်အောင် ပြုလုပ်ပေးရမည်။

ပုံ ၇-၂၁ Smoke-stop lobby ကို ဖြတ်သွားသည့် duct များကို fired rated duct ဖြင့် ပြုလုပ်ရမည်။

တံခါးပွင့် သွားသောကြောင့် လေများ ထွက်သွားပြီး လေဖိအား ရုတ်တရက် ကျဆင်း သွားပါက လိုအပ်သည့် လေဖိအားသို့ ရောက်အောင် အမြန်ဆုံး ပြုလုပ်ပေး ရမည်။ Smoke-stop lobby များကိုလည်း ဖိအားများအောင်(pressurization)ပြုလုပ်ထားရမည်။ အထွက် လှေကား(exit staircase) ကဲ့သို့ပင် smoke-stop lobby ထဲသို့ မှုတ်ထည့်ရန်လေ(supply air)ကို ပြင်ပ တစ်နေရာမှ ရယူရမည်။ ထို supply air ယူသည့်နေရာ(intake point)သည် တခြားသော လေဟောင်း လေပုပ်များ စွန့်ထုတ်ရာ နေရာ(exhaust opening) မှ အနည်းဆုံး (၅)မီတာ ကွာဝေးရမည်။

၇.၅.၃ (ဂ) Fire Command Center (FCC) Room

Fire Command Center (FCC Room)ဆိုသည်မှာ အဆောက်အဦ မီးလောင်ခံရသည့်အခါ မီးငြိမ်း သတ်ရန် နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မီးသတ်သမားများ၊ ရဲများ နှင့် တာဝန်ရှိသူများ ကြီးကြပ် ကွပ်ကဲရန်နေရာ အခန်းငယ် ဖြစ်သည်။ ထိုအခန်းငယ်ကလေးတွင် PA system (Public Address System)၊ Fire Alarm System ၊ Security System နှင့် Building Automation System စသည့် အဆောက် အဦအတွက် လိုအပ်သည့် system များကို control လုပ်နိုင်သည့် computer များ panel များရှိရာ နေရာလည်း ဖြစ်သည်။

ပုံ ၇-၂၂ အဆောက်အဦ အမြင့်သည် (၂၄)မီတာထက် ကျော်လွန်ပါက smoke stop lobby ထားရှိရမည်။

ထို FCC room တွင် staircase pressurization fan များ မောင်းရန်အတွက် ခလုတ်များကို မီးသတ် သမားများ၊ ရဲများ နှင့် တာဝန်ရှိသူများ ကြီးကြပ်ကွပ်ကဲသူများ အသုံးပြုရန် ထားရှိရမည်။ လှေကားအတွင်း ဖိအားများအောင် မောင်းပေးသည့် ပန်ကာ(staircase pressurization fan) အနီး၌ရှိသော panel ကို local panel ဟု သတ်မှတ်ပြီး FCC အခန်းအတွင်းရှိ panel (မောင်းရန် ခလုတ်များ)ကို remote panel ဟု သတ်မှတ် သည်။ FCC အခန်း မထားရှိသော အဆောက်အဦများတွင် main alarm panel အနီး staircase pressurization fan တို့ကို မောင်းရန် ခလုတ်များကို တပ်ဆင်ထားရမည်။ ထိုအပြင် လှေကားအတွင်း ဖိအားများအောင် မောင်းပေးသည့် ပန်ကာ(staircase pressurization fan)သည် မောင်းနေသည် သို့မဟုတ် ရပ်နေသည်ကို သိရှိရန် အတွက် မီးလုံးငယ်ကလေးများ(indication light)ဖြင့် ဖော်ပြထားရမည်။ 

Staircase pressurization fan များ၏ ခလုတ်များကို မီးသတ်သမား များ၊ ရဲများ နှင့် တာဝန်ရှိသူများ ကြီးကြပ်ကွပ်ကဲသူများ လိုသလို မောင်းရန် FCC room တွင် ထားရှိရမည်။ Staircase pressurization fan အနီး ၌ရှိသော panel ကို local panel ဟု သတ်မှတ်ပြီး FCC အခန်းအတွင်းရှိ panel (မောင်းရန် ခလုတ်များ)ကို remote panel ဟု သတ်မှတ်သည်။ FCC အခန်းမရှိသော အဆောက်အဦများတွင် main alarm panel ၌ staircase pressurization fan တို့ကို မောင်းရန် ခလုတ်များကို ထားနိုင်သည်။ ထိုအပြင် staircase pressurization fan မောင်းနေသည် သို့မဟုတ် ရပ်နေသည်ကို သိရှိရန်အတွက် မီးလုံးငယ် ကလေးများ (indication light)ဖြင့် ဖော်ပြထား ရမည်။

ပုံ ၇-၂၃ Smoke stop lobby နှင့် လှေကားရှိ ကပ်လျှက်ရှိ တံခါးနှစ်ချပ်နှင့် မြေညီထပ်ရှိ တံခါးပွင့်နေပုံ

လေ(supply air)ကို ပြင်ပတစ်နေရာမှ ရယူရမည်။ ထို supply air ယူသည့်နေရာ(intake point)သည် တခြားသော လေဟောင်း လေပုပ်များ စွန့်ထုတ်ရာနေရာ(exhaust opening)မှ အနည်းဆုံး(၅) မီတာ ကွာဝေးရမည်။ Fire Command Center(FCC)အတွက် လိုအပ်သောလေကို သီးသန့် fan ၊ duct ၊ control panel စသည်တို့ဖြင့် independent system အဖြစ် တပ်ဆင်၍ ထည့်(supplyလုပ်)ပေးရမည်။ တစ်နည်းအားဖြင့် တခြားသော fan၊ duct ၊ control fan ၊ duct ၊ control တို့နှင့် ရောမသုံးရ။

Fire Command Center (FCC) room အတွက် တပ်ဆင်ရမည့် duct သည် ထိုအခန်း၏ အပြင်ဘက်ရှိ အခန်းများမှ ဖြတ်သန်းသွားလျှင် ထို duct ကို (FCC room ၏ fire rating သို့မဟုတ် ဖြတ်သွားသည့် အခန်း၏ fire rating နှစ်ခုအနက် ပိုမြင့်သည့် rating အတိုင်း) မီးလောင်ခံနိုင်သည့် မီးခံပြားမျိုးဖြင့် အပြင်ဘက် သာမက အတွင်းဘက်ပါ ဖုံးအုပ်ကာရံ(enclosed) ထားရမည်။

ထိုသို့ မီးခံပြား(fire rated board)ဖြင့် duct ကို ဖုံးအုပ်ကာရံ(enclosed)ထားရသည့် ရည်ရွယ်ချက်မှာ မီးလောင်နေစဉ် အတွင်း duct မပျက်စီးအောင် ကာကွယ်ခြင်း ဖြစ်သည်။ သို့သော် supply သို့မဟုတ် exhaust duct တစ်လျှောက်လုံးတွင် မည့်သည့် fire damper မှ မတပ်ဆင်ထားရ။ အခြားသော နေရာများအတွက် duct များကို Fire Command Center (FCC) room အတွင်း၌ ဖြတ်၍ မသွယ်တန်းရ။

M/V to exit staircase and internal exit passageway

ပုံ ၇-၂၄ Exit staircase နှင့် internal exit passageway အတွက် mechanical ventilation

- End of Part 1 of 3 –

Contents

၇.၁ လေအရည်အသွေး (Indoor Air Quality) 1

၇.၁.၁ လေအရည်အသွေး ညံ့ဖျင်းသည့် အကြောင်းများ (Causes of Poor IAQ) 1

၇.၁.၂ လေအရည်အသွေး (IAQ) ကောင်းမွန်အောင် ထိန်းသိမ်းနည်းများ (IAQ Control Methods) 2

၇.၁.၃ လေအရည်အသွေး(IAQ) အပေါ် အကျိုးသက်ရောက်နိုင်သည့် အချက်များ (IAQ Factors) 2

၇.၁.၄ လေအရည်အသွေး (IAQ) နှင့် လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု(CO2 Levels) 2

၇.၂ သဘာဝအတိုင်း လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း(Natural Ventilation) 3

၇.၂.၁ Stack Effect 4

၇.၂.၂ ဒီဇိုင်းလုပ်ရန် လိုအပ်သော အချက်အလက်များ (Design Information) 6

၇.၂.၃ Design outputs. 6

၇.၂.၄ တွက်နည်း (Calculation Approach) 7

၇.၂.၅ Design Watch Points. 7

၇.၃ Mechanical Ventilation. 8

၇.၃.၁ အခန်းအတွင်း၌ Positive Pressure ဖြစ်ပေါ်ခြင်းနှင့် Negative Pressure ဖြစ်ပေါ်ခြင်း 8

၇.၄ Hospital Operation Room Ventilation. 8

၇.၄.၁ Ceiling Construction. 12

၇.၅ အဆောက်အဦတိုင်း၏ မရှိမဖြစ် လိုအပ်သော အခန်းများ(Essential Rooms)၏ MV System.. 13

၇.၅.၁ (က) လှေကားများ(Exit Staircase) နှင့် အရေးပေါ် ထွက်ပေါက်သို့ သွားလမ်းများ(Internal Passageway) 14

၇.၅.၂ (ခ) Smoke Stop Lobby. 17

၇.၅.၃ (ဂ) Fire Command Center (FCC) Room.. 18

 

 

 

 

 

Air Conditioning and Mechanical Ventilation System (Vol. 1) နှင့်သက်ဆိုင်သော ACMV Lecture များ (18 Lectures)
1 Chapter-1 Fundamental and Basic Concept Read
2 Chapter-2 (Part 1 of 3) Understanding Psychrometrics (Part 1 of 3) Read
3 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 2 of 3) Read
4 Chapter-2 (Part 2 of 3) Understanding Psychrometrics (Part 3 of 3) Read
5 Chapter - 3 Air Handling Units (Part 1 of 2) Chapter - 3 Air Handling Units (Part 1 of 2) Read
6 Chapter - 3 Air Handling Units (Part 2 of 2) Chapter - 3 Air Handling Units (Part 2 of 2) Read
7 Chapter - 4 (Part 1 of 3) Cooling Towers (Part 1 of 3) Read
8 Chapter - 4 (Part 2 of 3) Cooling Towers (Part 2 of 3) Read
9 Chapter - 4 (Part 3 of 3) Cooling Towers (Part 3 of 3) Read
10 Chapter - 5 (Part 1 of 3) Air Distribution Systems (Part 1 of 3) Read
11 Chapter - 5 (Part 2 of 3) Air Distribution Systems (Part 2 of 3) Read
12 Chapter - 5 (Part 3 of 3) Air Distribution Systems (Part 3 of 3) Read
13 Chapter - 6 (Part 1 of 3) Fans and Blowers (Part 1 of 3) Read
14 Chapter - 6 (Part 2 of 3) Fans and Blowers (Part 2 of 3) Read
15 Chapter - 6 (Part 3 of 3) Fans and Blowers (Part 3 of 3) Read
16 Chapter-7 ( Part 1 of 3) Ventilation ( Part 1 of 3) Read
17 Chapter-7 ( Part 2 of 3) Ventilation ( Part 2 of 3) Read
18 Chapter-7 ( Part 3 of 3) Ventilation ( Part 3 of 3) Read
   

www.acmv.org - Air Conditioning and Mechanical Ventilation for Young Myanmar Engineers

To download all ACMV lecuters in PDF format