အင်္ဂလိပ်ကျောင်းမှ မြန်မာကျောင်းသို့ပြောင်းခြင်း

ကျောင်းထပ်တက်မယ် ဆိုရင် သိသင့်သိထိုက်တာတွေကို လေ့လာဘို့လိုပါတယ်။ လုပ်စားဘို့အတွက်တက်တာလား။ အောင်လက်မှတ်အတွက်တက်တာလား။ လုပ်စားဘို့ဆိုရင်တက်မဲ့ကျောင်းကကော လုပ်စားလို့ရလောက်အောင်သင်ပေးနိုင်လားရဲ့လား? လူ့ သက်တမ်းရဲ့ သုံးပုံနှစ်ပုံကျော်မှ မသုံးမဲ့ပညာတွေကို ခက်ခက်ခဲခဲသင်နေလို့ ဘာအကျိုးရှိမှာလဲ။ လက်ရှိအလုပ် သို့ လုပ်ကိုင်စားသောက်ရမဲ့ အသက်မွေးဝမ်းကြောင်းပညာ ထပ်သင်ဘို့အတွက်သိထားရမှာတွေကို စုဆောင်းထားပါတယ်။ စင်ကာပူ က ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တွေ အကြောင်း အင်္ဂလန်နိုင်ငံ၊ ထိုင်း က AIT နှင့် တခြားသော နိုင်ငံကကျောင်းတွေ သင်တန်းတွေအကြောင်း

အင်္ဂလိပ်ကျောင်းမှ မြန်မာကျောင်းသို့ပြောင်းခြင်း

Postby acmv » Mon Aug 04, 2014 9:00 pm

အင်္ဂလိပ်ကျောင်းမှ မြန်မာကျောင်းသို့ပြောင်းခြင်း
==============================Min Zaw Swe
Image

‘၁၀ သိန်း’‘မရဘူး။ ရှော့ရှိတယ်။ သိန်းအစိတ်’

အထက်ပါစကားများသည် စိန်ကောင်း၊ ကျောက်ကောင်းရောင်းဝယ်နေကြသော စကားများမဟုတ်ပါ။ အင်္ဂလိပ်ကျောင်းမှ မြန်မာကျောင်းသို့ပြောင်းရန် အစိုးရမှတရားဝင်ခွင့်ပြုထားသော အောင်လက်မှတ် ရရှိရေးအတွက် ကိုယ့်အဆက်အသွယ်နှင့်ကိုယ် စုံစမ်းကြရာမှကြားရသော ‘ကြေးခေါ်သံ’ များဖြစ် သည်။

အင်္ဂလိပ်ကျောင်းဟု အများကသိထားကြသည့် ILBC, International School စသောကျောင်းများမှ မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုထားသည့် အခြေခံပညာကျောင်းများသို့ ပြောင်းရာတွင်ပွင့်လင်း မြင်သာမှုမရှိသောကြောင့် ‘အမှောင်တွင်း၌ ပိုကုန်သည်’ ဟူသော စကားအတိုင်းသိန်းဆယ်ချီ၍ တောင်းကြလေသည်။ မည်သူက တောင်းကြောင်းမပြောလိုသော်လည်း တရားဝင်ခွင့်မပြုသည်က ပြဿနာဖြစ်နေသည်။

ကျွန်မတို့နေထိုင်ရဂာ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ မူလတန်းကျောင်းတွင် သားကိုသူငယ်တန်းမှ စ၍ အပ်ခဲ့သော်လည်း ဒုတိယတန်းရောက်သောအခါ ကျူရှင်မတက်လိုသောသားအတွက် ထိုကျောင်း သည်အဆင်မပြေတော့သဖြင့် သားကိုကျောင်းပြောင်းရန် ပြင်ရတော့သည်။

ထိုအခါ ကျွန်မ၏အမျိုးသားက အင်္ဂလိပ်ကျောင်းသို့ပြောင်းရန် ဆုံးဖြတ်ခဲ့သဖြင့် အင်္ဂလိပ်ကျောင်းနှင့် ပတ်သက်၍စုံစမ်းရာတွင် ‘အင်္ဂလိပ်ကျောင်းဟူသည် တစ်လမ်းသွားသာဖြစ်ပြီး နောက်ပြန်လှည့်၍ မရ ကြောင်း’၊ ထိုကျောင်းမှအတန်းကုန်သည်အထိတက်ပြီး နိုင်ငံခြားသို့သာ ဆက်တက်ရန်ရှိကြောင်း သိရ သည်။ တလွဲဆံပင်ကောင်းသည်ဟု ဆိုဆို၊ မရောင်ရာဆီလူးဟုပြောပြော သားကိုတစ်လမ်းသွား အင်္ဂလိပ်ကျောင်းသို့ ခြေစုံပစ်၍ဝင်စေလိုက်ပါသည်။

ထိုအချိန်မှစ၍ ရင်သပ်ရှုမောဖွယ်ကောင်းသော မြန်မာနိုင်ငံ၏ ပညာရေးတန်ဖိုးကြီးမြင့်ပုံကို သိရှိရ သည်။ ကျွန်မသား၏ရှေ့တွင် တက်နှင့်နေကြသော ကလေးများ၏ မိဘများနှင့်စကားစပ်မိ၍ ကြားရ သည်မှာ ရန်ကုန်မြို့တွင်းရှိ အချို့သောကျောင်းများတွင် ‘နားလည်မှု’ ယူ၍ ကျောင်းမတက်ဘဲအပ် ထားသည်ဟု ဆိုကြသည်။ တစ်နှစ်ပတ်လုံး အင်္ဂလိပ်ကျောင်းတွက်တက်သော်လည်း နှစ်ကုန်လျှင်ငွေ ပေး၍ တွဲအပ်ထားသောမြန်မာကျောင်းမှ အတန်းတက်စေသည်ကို ‘အတန်းယူသည်’ ဟုခေါ်ကြောင်း နှင့် ထိုသို့တွဲထားရန် တစ်နှစ်စာငွေကြိုပေးထားရကြောင်းကို သိရသည်။

ထိုနည်းလမ်းကို ကျွန်မစိတ်မဝင်စား၊ ကျွန်မ၏အတွေးသည် မည်သည့်ကျောင်းတွင် တက်သည်ဖြစ်စေ တတ်သောပညာကိုစစ်ဆေးပြီး ကျောင်းပြောင်းနိုင်သည်ဟု ယုံကြည်သူဖြစ်၍ ကျောင်းသားမိဘအများ စုကကျွန်မကို ထိုကျောင်းတွဲထားသည့်ကိစ္စနှင့် ပတ်သက်ပြီးမပြောကြတော့ပေ။ သားသည်ယခုနှစ် တွင် သူငယ်ချင်းများက မြန်မာကျောင်းသို့ပြောင်းကုန်ကြပြီဖြစ်၍ သူလည်း နဝမတန်းတွင် ကျောင်း ပြောင်းချင်ကြောင်း ပြောသည်။ သို့နှင့်ကျွန်မသည် အစိုးရအသိအမှတ်ပြု အခြေခံပညာကျောင်းတွင် အပ်နှံရန်စုံစမ်းရလေသည်။

နွေရာသီတွင် စ၍ဖွင့်သောပုဂ္ဂလိကကျောင်းများတွင် အင်္ဂလိပ်ကျောင်းမှ ကျောင်းထွက်လက်မှတ်နှင့် အပ်သည့်အခါ တရားမဝင်ကြောင်း သိရပြီးလက်မခံကြပါ။ သို့နှင့်နယ်မြို့လေးရှိကျောင်းတွင် အဋ္ဌမတန်းအောင်လက်မှတ်ထုတ်ယူရန် စုံစမ်းရာမှဆောင်းပါးအစတွင် ရေးသားခဲ့သော ကြေးခေါ်သံ များကို ကိုယ်တိုင်ကြားသိခဲ့ရသဖြင့် ကျွန်မသည်ဝမ်းလည်းနည်း၍ ဒေါသထွက်ခဲ့ရပါသည်။

အချို့ကလည်း အဋ္ဌမတန်းအောင်လက်မှတ်ကို ဘ/ကကျောင်းတွင်တောင်း၍ ကျောင်းအပ်ရန် အကြံပေးကြပြီး ထို ဘ/ကအောင်လက်မှတ်ဖြင့် ကျောင်းတက်နေသူများရှိကြသည်ဆိုသဖြင့် ကျွန်မ အဖို့အံ့သြပြီးရင်း အံ့သြနေမိသည်။

မတ်လမှစ၍ စုံးစမ်းခဲ့ရာတွင် ကျောင်းအပ်ချိန်ဖြစ်သော ဇွန်လရောက်သည်အထိ ထူးခြားမှုမရှိသဖြင့် ရင်ပူနေပါပြီ။ နောက်ဆုံးတွင် သူတို့တောင်းသည့်ကြေးကို တောင်းပန်၍လျှော့ခိုင်းပြီး အောင်လက်မှတ် ယူတော့မည်ဟု ဆုံးဖြတ်လိုက်ချိန်တွင် သူမ၏သူငယ်ချင်းတစ်ဦးက အခြေခံပညာ (၃) တွင် စုံစမ်းရန် ပြောလာသည်။ ထိုသူငယ်ချင်းကို ကျေးဇူးအလွန်တင်ပါသည်။

အခြေခံပညာ (၃) သို့သွားစုံစမ်းရာ တာဝန်ရှိသူတစ်ဦးက ယခင်နှစ်များက တရားဝင်စာမေးပွဲဖြေဆိုခွင့် ပြုသော်လည်း ယခုနှစ်တွင်အထက်မှ ထိုစာမေးပွဲစစ်ရန် အမိန့်မချသေးကြောင်း သိရသဖြင့် မျှော်လင့် ချက်ရောင်ခြည်သန်းလာခဲ့ပြီဟု ဆိုရမည်ပင်။

ထို့နောက် ထိုသူငယ်ချင်းကပင် အခြေခံပညာ (၃) ရှိသူနှင့်ရင်းနှီးသော ဝန်ထမ်းမိတ်ဆွေအမည်ဖြင့် စာရေးပေးပြီးသွားစေရာ စာတွင်ပါသောဝန်ထမ်းအန်တီက လျှောက်လွှာတစ်စောင်ရေးစေပြီး လိုအပ် သောစာရွက်စာတမ်းများနှင့်အတူ စာတင်ခဲ့စဉ်စာလက်ခံသော မိန်းကလးကတစ်ရက်၊ နှစ်ရက်အတွင်း သတင်းစာတွင်တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပြောလိုက်သည်။ သား၏သူငယ်ချင်းတစ်ဦးက လည်းအဋ္ဌမတန်းစာကို အခြေခံပညာ(၃) တွင်ပြန်ဖြေရန် စာတင်ထားပြီးဖြစ်၍ စာပြန်ကျက်နေ ကြောင်းပြောသည့်အတွက် တရားဝင်ဖြေဆိုခွင့် တောင်းခံသည်မှာ ကျွန်မတစ်ဦးတည်းမဟုတ်ကြောင်း သတိပြုခဲ့မိသည်။

ကျွန်မအခြေခံပညာ(၃) တွင် စုံစမ်းစဉ်က ‘အင်္ဂလိပ်ကျောင်းကို အထင်တကြီးနဲ့အပ်ပြီး ဘာလို့ခုမှ မြန်မာကျောင်းကို အသည်းအသန်ပြောင်းချင်တာလဲ’ ဟူသော ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့စကားကိုလည်း ဝန်ထမ်းတစ်ဦးထံမှ ကြားခဲ့ရသည်။ ကျွန်မတွင်ပြောစရာစကားအများအပြားရှိပါသည်။ အင်္ဂလိပ် ကျောင်းတက်ခြင်းသည် အပြစ်မဟုတ်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ကျွန်ဘဝသို့တစ်ချိန်တည်းကျရောက်ခဲ့စဉ် အိန္ဒိယခေါင်းဆောင်ကြီး ဂန္ဓီကအင်္ဂလိပ်များနှင့်တန်းတူ အင်္ဂလိပ်စာတတ်ရမည်ဟု ဆုံးဖြတ်ပြီးသူ၏နိုင်ငံသားများကို အင်္ဂလိပ်စာသင်ကြားစေခဲ့သည်။ ထိုအ ချက်သည် နမူနာတစ်ခုအဖြစ်သာ ပြောခြင်းဖြစ်သည်။ ကျွန်မသည်လည်း ယခုအချိန်သည် လွတ်လပ် သောနိုင်ငံဖြစ်သည့်အလျောက် ဘဝတိုးတက်ရေး၊ နိုင်ငံတိုးတက်ရေးအတွက် တန်ရာတန်ကြေးပေး၍ တွေးခေါ်မြော်မြင်တတ်သည့် အသိပညာ၊ အတတ်ပညာများကို သင်ယူခြင်းသည် အပြစ်ပြောစရာ မဟုတ်ကြောင်း ခံယူထားသည်။ ရှိပါစေတော့။

မိဘအများစုက အင်္ဂလိပ်ကျောင်းဟူသည် International School ကဲ့သို့ ကျောင်းလခများစွာ ပေးရ သည်ဟုသာသိထားကြသည်။

ရန်ကုန်မြို့ပေါ်ရှိနာမည်ကြီး အခြေခံပညာကျောင်းများ၏ အတန်းပိုင်ဆရာမကို ဘာသာစုံခေါ်သင်ရ သောကျူရှင်လခခန့်သာပေးရသည့် အင်္ဂလိပ်ကျောင်းများလည်း များစွာရှိသည်ကိုလူအများမသိကြပါ။ အင်္ဂလိပ်စာတွင် အသံထွက်မှန်ကန်မှု၊ သဒ္ဒါနားလည်မှုတို့သည် လက်တွေ့အကျိုးရှိခဲ့သည့်အပြင် အခြားသောအတတ်ပညာ (ဥပမာ-ကွန်ပျူတာ၊ ဂီတနှင့်မိမိကိုယ်တိုင် တီထွင်ကြံဆအဖြေရှာမှု) တို့ တတ်မြောက်ခဲ့သဖြင့် ငွေကြေးအလဟဿ မဖြစ်ခဲ့ပေ။

အချိန်တန်၍မြန်မာကျောင်းသို့ ပြောင်းချင်သည်ကလည်း မည်သူ့ကိုမျှ ထိခိုက်သောအလုပ်မဟုတ်။ မပြောင်းမဖြစ်ပြောင်းရသည့် အကြောင်းများတွင် ယခုမြန်မာနိုင်ငံ၏ ပညာရေးပေါ်လစီအရ အစိုးရစစ် တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်ပါမှဖြစ်သည့်အချက်သည်လည်း တစ်ချက်အပါအဝင် ဖြစ်သည်။

သို့နှင့် ၁၃-၆-၂၀၁၄ ရက် (သောကြာနေ့) တွင် သတင်းစာ၌ တရားဝင်ကြေညာစာပါလာသည်။ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲဖြေဆိုရန်၊ ဇွန် ၁၆ ရက်မှ ဇွန် ၂၀ ရက်အတွင်း လျှောက်လွှာ တင်ရန်နှင့် စာမေးပွဲဖြေဆိုပြီးပါက သတ်မှတ်သည့်အတန်းတွင် တက်ရမည့်အကြောင်းများပါသည်။ ကျွန်မလည်း ဇွန် ၁၆ ရက် (တနင်္လာနေ့) တွင် လျှောက်လွှာတင်ပြီး စာမေးပွဲအချိန်စာရင်းထုတ်ယူခဲ့ရာ ဇွန် ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်သုံးရက်တွင် တစ်ရက်လျှင် နှစ်ဘာသာဖြေရမည်ဖြစ်ကြောင်း တွေ့ရသဖြင့် အဋ္ဌမတန်းမေးခွန်းဟောင်းများနှင့် အဖြေစုံစာအုပ်ကိုဝယ်ပြီး သားကိုသုံးနှစ်စာမေးခွန်း သုံးစုံကျက်စေခဲ့သည်။

စာမေးပွဲဖြေချိန် သားသမီးများကို စောင့်နေခိုက်တွင် ဤစာမေးပွဲနှင့် ပတ်သက်ပြီးအကြောင်းစုံ ထပ်မံ သိရပြန်သည်။ မိဘတစ်ဦးသည် သတင်းစာတွင် တရားဝင်ကြေညာသည်ကိုမသိဘဲ ပွဲစားဆိုသူနှင့် လျှောက်လွှာတစ်စောင်ကို ကျပ်လေးသိန်းပေး၍ တင်ခဲ့ရသည်ဟု ကြားရသဖြင့်အတော်ပင်စိတ်မ ကောင်း ဖြစ်ခဲ့ရသည်။ ထိုပွဲစားဆိုသူမှာလည်း ဝန်ထမ်းမဟုတ်သော အပြင်လူဖြစ်သဖြင့် မိဘများ၏ ပူပန်မှုကိုအခွင့်ကောင်းယူ၍ ပွဲလန့်တုန်းဖျာခင်းတတ်သည့် လူစားမျိုးပင်ဖြစ်ပါလိမ့်မည်။

စာမေးပွဲဖြေရသည့်နေရာမှာ အခြေခံပညာ(၃) ကျောင်းဝင်း (ယခင်က RC-3) အတွင်းရှိ အ.ထ.က (၃) ကြည့်မြင်တိုင် ကျောင်းတွင်ဖြစ်ပြီး စာမေးပွဲဖြေသော သုံးရက်တွင် ကျောင်းပိတ်ထားပါသည်။ ပထမဆုံးဖြေရသည့် ဘာသာမှာ မြန်မာစာဖြစ်ပြီး မြန်မာစာဖြေပြီးချိန် ထမင်းစားနားသောအခါ ကျွန်မတို့သားအမိဘေး၌ သူငယ်တန်းမြန်မာစာဖြေသောကလေးက သူ့မိခင်ကိုပြောနေသံကြားရ သည်။ ‘မာမီရေ Fill in the Blank ရော၊ True or False ရော၊ Multiple Choice ရောအကုန်ဖြေနိုင် တယ်။ မာမီကျက်ခိုင်းတဲ့ ‘ညအခါ လသာသာ’ ထဲက စာတွေပါလာတယ် မာမီ’ ဟုမြန်မာစာ မေးခွန်းအ ကြောင်း ပြောနေသံကြားရ၍ ကျွန်မပြုံးမိသည်။

စာမေးပွဲနောက်ဆုံးနေ့တွင် မြန်မာ့အသံ (MRTV) နှင့် SKY NET မှအခြေခံပညာ (၃) ရှိ တာဝန်ရှိသူ များနှင့် ကျောင်းသားမိဘများကို အင်တာဗျူးပြုလုပ်ခြင်း၊ စာမေးပွဲဖြေနေသော ကလေးများကို တစ်ခန်းဝင်တစ်ခန်းထွက် ရိုက်ကူးမှုများပြု၍ ထိုနေ့ညနေတွင် သက်ဆိုင်ရာအသံလွှင့်ဌာနများမှ ထုတ်လွှင့်ခဲ့သည်။

အခြေခံပညာ(၃)ရှိ တာဝန်ရှိ အကြီးအကဲတစ်ဦးက မိဘများနားနေရာအခန်းသို့လာ၍ ယခုအကြိမ် ဖြေဆိုခြင်းသည် ယခုနှစ်အတွက် ဒုတိယအကြိမ်ဖြေဆိုခြင်းဖြစ်ပြီး ပထမအကြိမ်ဖြေစဉ်က မြန်မာနိုင်ငံ နယ်စပ်ရှိရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများအတွက် ဖြေဆိုစေခြင်းဖြစ်ကြောင်း ပြောကြား သည်။ ကျွန်မတို့မသိသေးသော အကြောင်းရပ်တစ်ခုကိုလည်း ပြောသွားပါသည်။

ယခင်နှစ်က ရန်ကုန်မြို့၏အစွန်အဖျားမြို့နယ်တစ်မြို့နယ်၌ ယခုကဲ့သို့ဖြေဆိုလိုသောကလေးများအ တွက် တရားဝင်ကျောင်းဟုဆို၍ ပုဂ္ဂလိကကျောင်းတစ်ကျောင်းဖွင့်ခဲ့သည်။ ပုံမှန်ကျောင်းလခအပြင် အစိုးရအသိအမှတ်ပြုကျောင်းတွင် အပ်နှံရန်ကျောင်းသားတစ်ဦးလျှင် ကျပ်သိန်း ၃၀ တောင်းယူခဲ့ပြီး မိဘများမှတစ်နှစ်နီးပါးကျောင်းထား၍ ဒသမတန်းဖြေဆိုရန် ခုံအမှတ်ထုတ်ယူသည့်အခါတွင်မှ အလိမ် ခံရသည်ကိုသိရပြီး တိုင်ကြားသည့်အဆင့်ရောက်ခဲ့သဖြင့် အရေးယူခဲ့ရသည်ကို သိရှိခဲ့ရသည်။

ထိုသို့မဖြစ်စေရန်မိဘများကိုယ်တိုင်လည်း တရားဝင်နည်းလမ်းများကိုသာ သုံးသင့်ကြောင်း အကြံပြု ပြောဆိုခဲ့သည်။ ကျွန်မတို့မိဘများကလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားရင်း ရင်းနှီးစွာ မေးမြန်း၍ နှုတ်ခွန်းဆက်စကားဆိုခဲ့ကြပါသည်။ စာမေးပွဲဖြေသည့် ဒုတိယရက်တွင် ပတ်စ်ပို့အရွယ် ဓာတ်ပုံလေးပုံတောင်းခဲ့ပြီး အောင်စာရင်းကို ၃၀-၆-၂၀၁၄ (တနင်္လာနေ့) တွင် ထုတ်ပြန်မည်ဖြစ် ကြောင်းပြောလိုက်သည်။ တနင်္လာနေ့မွန်းလွဲ ၂ နာရီခန့်တွင် အောင်စာရင်းသွားကြည့်ရာ၌ အဖြေလွှာ များကို နေပြည်တော်၌စစ်သဖြင့် အောင်စာရင်းနောက်ကျမည်ဖြစ်ကြောင်း ပြောသည်။ ကျွန်မတို့ မိဘ များလည်း ‘နေပြည်တော်တွင် စာစစ်သည်’ ဟူသည့်စကားကြောင့် ပူပန်မှုများဖြင့် တစ်ဦးနှင့်တစ်ဦး အားပေးနေခဲ့ကြသည်။

အဆုံးမှာတော့ အပြင်တွင် သတင်းကြားနေသကဲ့သို့ ‘မေးခွန်း out ခြင်းမရှိ၊ ငွေဖြင့်လိုက်ရခြင်းမရှိ’ ပါက အောင်စာရင်းထွက်ခဲ့ပါပြီ။ အခြားဖြေဆိုသည့် အတန်းများကိုသေချာစွာမသိသော်လည်း ကျွန်မ သားဖြေသည့် အဋ္ဌမတန်းတွင် စုစုပေါင်း ၂၂ ယောက်ဖြေဆိုရာ ၁၀ ယောက်သာအောင်ခဲ့သဖြင့် အောင်စာရင်းတွင် သားအမည်ကို တထိတ်ထိတ်နှင့် ရှာပြီးတွေ့မှသာ ‘ဟင်း’ ချနိုင်ပါတော့သည်။

မအောင်မြင်သူများ ယခုဖြေဆိုခဲ့သည့် အတန်းတွင်သာပြန်၍ တက်ရမည်ဖြစ်သောကြောင့် စိတ်မ ကောင်းစရာဖြစ်သော်လည်း တရားဝင်ကျောင်းအပ်လက်မှတ်ရသဖြင့် တော်ပေသေးသည်ဟု ဖြေသိမ့် ရမည်ပင်။

အနှစ်ချုပ်ဆိုရပါသော် ကျောင်းအကူးအပြောင်းအတွက် အတန်းသတ်မှတ်ရန် စာမေးပွဲဖြေဆိုရခြင်း သည်နှစ်စဉ်ရှိသည်ဟု သိခဲ့ရသည်။ ကျွန်မတို့ဘာကြောင့် မသိခဲ့ရပါသနည်း။ ရှင်းပါသည်။ ‘ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့်’ ဆိုသည်ကိုငြင်း၍မရပါ။ ကျွန်မအပါအဝင် မိဘများသည် လမ်းလွဲကိုလိုက် ချင်၍လိုက်နေကြခြင်း မဟုတ်သည်ကိုသိစေချင်သလို အခြားမိဘများကိုလည်း ပွဲစားတည်းဟူသော လမ်းလွဲနောက်သို့ မလိုက်ပါစေရန် သက်ဆိုင်ရာဌာနများမှလည်း ‘ပွင့်လင်းမြင်သာမှု’ ရှိရန်လိုပါသည်။ သို့ပါ၍ဤဆောင်းပါးကို ဖတ်ပြီးပါက အင်္ဂလိပ်ကျောင်းမှ မြန်မာကျောင်းသို့ပြောင်းရန် မည်သည့်ငွေ ကြေးမျှပေးရန် မလိုကြောင်းသိစေလိုသည့် စေတနာအရင်းခံဖြင့် ရေးလိုက်ရပေသည်။

စံတော်ချိန်သတင်းစာ
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to ကျောင်းထပ်တက်မယ် ဆိုရင် ပိုလီတက်(Polytech), အိုင်တီအီး (ITE), BCA, NUS, NTU တက်မယ်ဆိုရင်

Who is online

Users browsing this forum: No registered users and 1 guest

cron