လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်သည့် potential resource မည်မျှရှိသနည်း။ ရေအားလျှပ်စစ် (Hydro Power) တစ်ခုတည်းမှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ သဘာဝဓါတ်ငွေ့ (Natural Gas) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လေအားလျှပ်စစ် (wind power) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လျှပ်စစ်ဓါတ်အား ဖြန့်ဝေသုံးစွဲပုံတို့ကိုသိလိုလျှင်...

လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung

Postby acmv » Wed Dec 25, 2013 7:39 am

လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung
ပြည်သူတွေ သိသင့်သော မြန်မာပြည်လျှပ်စစ် အကြောင်း (နိုဝင်ဘာလ ၂ဝ၁၃)
အပိုင်း (၁/၄)

ခင်ဗျားတို့တွေ သိသင့်တယ်ထင်လို့ ကျုပ်ပြောပြမယ်။ ကျုပ်ကတော့ မေခလာ သီချင်းလိုပဲ မပြောချင်လို့ ကြည့်နေတာကြာပြီဗျ။
ခင်ဗျားတို့တွေ ဓါတ်အားခတွေတက်လို့ ပူညံပူညံ ဖြစ်နေကြလို့ ပြောပြရတာ မြန်မာပြည်လျှပ်စစ် ဘာတွေဖြစ်နေတယ်ဆိုတာ အူချေးခါးမကျန်အောင် သိတဲ့သူအနေနဲ့ မနေနိုင်လို့ ဝင်ပြောရတာ။ မြန်မာပြည် လျှပ်စစ်စွမ်းအားကဏ္ဍဆိုတာ ကျုပ်တို့ တိုင်းပြည်ရဲ့ အခြားကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး၊ စည်ပင်၊ တရားစီရင်ရေး စတဲ့ကဏ္ဍတွေလိုပဲ ပျက်စီးခြင်း ငါးပါးမကနဲ့ ပျက်စီးနေတယ် ဆိုတာ ပထမဆုံးနားလည်ထားရမယ်။

ပေါ်လစီကို စ ချပေးတဲ့ နိုင်ငံတော်အကြီးအကဲလို့ ခေါ်ခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လို သူတွေ ကိုယ်တိုင်ကိုက စေတနာနဲ့ ပညာကို အခြေခံပြီး လုပ်ခဲ့ကြတာမဟုတ်ပဲ ကိုယ့်အာဏာတည်မြဲဖို့၊ ကိုယ့်မိသားစု ချမ်းသာဖို့သာ လုပ်ခဲ့ကြတာ ဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ကျုပ်တို့ ခင်ဗျားတို့တစ်တွေ ဒီလို ဒုက္ခ သုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာပဲ။
ဒါပေမယ့် ပြောရမယ်ဆိုယင်တော့ ခင်ဗျားတို့ ပိုရင်နာသွားမယ်။ ကျုပ်တို့တစ်တွေသာ ဒီလို ဒုက္ခ သုက္ခတွေနဲ့ ရင်ဆိုင်နေရတာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသာ ရှုံးလို့ဆိုပြီး ပြဿနာတက်နေတာ ခေတ်အဆက်ဆက် ဝန်ကြီးလုပ်သူတွေကတော့ အကြီးအကျယ် ချမ်းသာနေကြတာပဲ။ ဗိုလ်ချုပ်တင်ထွဋ်၊ ဗိုလ်ချုပ်ခင်မောင်မြင့်၊ ဗိုလ်မှူးကြီးဇော်မင်း၊ ဗိုလ်မှူးကြီးခင်မောင်စိုးတို့ကို ကျုပ်ကောင်းကောင်းသိတယ်။ သူတို့အားလုံး အင်မတန်ကို ချမ်းသာကြတာ ခင်ဗျားတို့ကို ပြောပြယင် ယုံနိုင်မယ် မထင်ဘူး။ ဗိုလ်ချုပ်တင်ထွဋ်နဲ့ ဗိုလ်မှူးကြီးဇော်မင်းတို့က အဓိက ရေအားလျှပ်စစ် စီမံကိန်းတွေက ရတဲ့ လဘ်လာဘတွေနဲ့ ချမ်းသာကြတာ။ ရေအားလျှပ်စစ် စီမံကိန်းတွေဆိုတာ ဒေါ်လာသန်းပေါင်းများစွာ တန်တယ်။ စီမံကိန်းတစ်ခုတည်းက ဒေါ်လာသန်း ၂ဝ၊ သန်း ၃ဝ ကနေ သန်း ၂ဝဝ၊ သန်း ၃ဝဝ ထိရှိတယ်။ ဒီမှာတင် ဝန်ကြီးတွေက ဒေါ်လာသန်းချီပြီး စီကြတယ်ပေါ့ဗျာ။

ဒီလိုစီမံကိန်းတွေကို ဝင်လုပ်နိုင်တာကလည်း ကျုပ်တို့တိုင်းပြည်မှာ ဘိန်းကရတဲ့ငွေတွေနဲ့ လည်ပတ်နေတဲ့ ဦးအိုက်ထွန်းရဲ့ အိုလံပစ်၊ နောက်ပိုင်း High Tech ဆိုပြီးနာမည်ပြောင်းထားတဲ့၊ အခုတော့ရွှေတောင်လို့ ခေါ်တဲ့ အုပ်စုနဲ့ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်ရဲ့ Asia World ပဲ ရှိတာ၊ သူတို့က တရုတ်ကုမ္ပဏီတွေကို ခေါ်လာပြီး ဘိုးတော်တွေနဲ့ပေးတွေ့တယ်၊ ဘိုးတော်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဝန်ကြီးတွေနဲ့ပေါင်းပြီး သူတို့တွေ ပြောပြောနေတဲ့ နိုင်ငံတော်စီမံကိန်းဆိုတာတွေကို လုပ်ခဲ့ကြတာ။ ခင်ဗျားတို့မှတ်မိမယ်နဲ့တူတယ် နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့ ဤနိုင်ငံတော်စီမံကိန်းကြီးကို အကောင်အထည်ဖေါ်ခဲ့သည်ဆိုတဲ့ အပြောမျိုးလေ။ ကျုပ်စိတ်ထဲမှာတော့ နိုင်ငံတော်အကြီးအကဲများက လက်ဆောင်ပဏ္ဍာများယူ၍ သက်ဆိုင်ရာဝန်ကြီးများက ဆက်လုပ်လုပ်ပိုင်ခွင့်အတွက် လဘ်လာဘများ တောင်းပြီး ကျုပ်တို့ပြည်သူတွေရဲ့ ပိုက်ဆံကို အလွဲသုံးစား ပြုလုပ်ခဲ့သည်ဆိုတာပဲ။

ဗိုလ်ချုပ်ခင်မောင်မြင့်နဲ့ ဗိုလ်မှူးကြီးခင်မောင်စိုးတို့ကတော့ လျှပ်စစ်ဓါတ်အားလိုင်းနဲ့ ဓါတ်အားခွဲရုံတွေ၊ ဂက်စ်တာဘိုင်လို့ခေါ်တဲ့ ဓါတ်အားပေးစက်ရုံတွေ လုပ်တဲ့ကုမ္ပဏီတွေဆီက လဘ်လာဘတွေနဲ့ ချမ်းသာကြတာ။ ဒီမှာလည်း ပြောရယင် ဗိုလ်ချုပ်ခင်မောင်မြင့်ဆိုတာ စစ်အစိုးရ လက်ထက်က လျှပ်စစ်ဝန်ကြီး။ သူတို့ပြောပြောနေတဲ့ ရွေးချယ်တင်မြှောက်ခံ အစိုးရလက်ထက်မှာ ဆောက်လုပ်ရေးကိုပဲ ကိုင်ရပြီး နောက်တော့ ပြုတ်သွားတာ။ ဗိုလ်မှူးကြီးခင်မောင်စိုးကတော့ အစိုးရသစ် လက်ထက်မှာမှ လျှပ်စစ်ဝန်ကြီးလုပ်ရတာ၊ စစ်အစိုးရ လက်ထက်တုန်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ။ ဧရာဝတီဇော်မင်း ပြုတ်သွားပြီးမှ သူက လျှပ်စစ်ဝန်ကြီးဌာန ၂ ခုလုံးကို ပေါင်းပြီးကိုင်ရတာ။ ခင်မောင်စိုး ဆိုတဲ့အတိုင်း သူကပိုတောင်ဆိုးတယ်။ ပြောတော့ ဒီမိုကရေစီ အစိုးရတဲ့။ ခင်ဗျားတို့တွေ မီဒီယာတွေကနေ ပြောလဲ ပြောပြောပဲ ခပ်တည်တည်နဲ့ အကုန်ဝိုက်နေတာ။ သူ့အတွက်အချိန်သိပ်မရှိဘူးလေ။ နောက်တစ်ကြိမ် သေချာပေါက်ဝန်ကြီးပြန်မဖြစ်တော့ဘူး ဆိုတာ သူသိနေတာကိုး။ နောက်ပိုင်းမှာ သူ့လုပ်ကွက်အချို့ကို အသေးစိတ်ပြောပြမယ် ခင်ဗျားတို့ စိတ်လေသွားအောင်။

လဘ်ပေးလဘ်ယူမှုတွေ အရေးယူမယ်လို့ ကျုပ်တို့ပြည်သူတွေကို ပထမဦးဆုံးမိန့်ခွန်းပြောကတည်းက ကတိပေးခဲ့တဲ့ သမ္မတကြီးရဲ့ စကားကလည်း အခုတော့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်း သင်္ကြန်အမြှေုက်ကြီးဗျ။ ဗိုလ်ချုပ်ကြီးဘဝကနေလာတဲ့ သမ္မတကြီးဟာ စစ်သားလို့ မပြောရဘူး၊ အမြှေုက်ကောင်းကောင်း ပစ်တတ်တယ်။ စတက်ကတည်းက ပစ်လိုက်တဲ့ သင်္ကြန်အမြှေုက် အခုတော့ ပစ်ရလွန်းလို့ အသံတောင် သိပ်မထွက်ချင်တော့ဘူး။

အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ တောင်းဆိုရမယ့်အချက်ကတော့ ခေတ်အဆက်ဆက် လျှပ်စစ်ဝန်ကြီး လုပ်သွားသူတွေရဲ့ မိသားစု ပိုင်ဆိုင်မှု စာရင်းပဲ။ ဝန်ကြီး၊ ဝန်ကြီးကတော်၊ သားသမီး၊ ညီအကို မောင်နှမ၊ တူ၊ တူမ အကုန်လုံးရဲ့ ပိုင်ဆိုင်မှုတွေ ကျုပ်တို့ သိသင့်တယ်။ ဘယ်တုန်းကဘယ်ကရတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ခဲ့တာလဲ၊ တရားဝင် အခွန်ဆောင်သလား စသဖြင့် မေးရမယ်။ ဘယ့်နှယ်ဗျာ ဌာနကတော့ ရှုံးလို့ ဆိုပြီး လာချင်လာ၊ ပျက်ချင်ပျက်၊ ဒီလောက်အသုံးမကျတဲ့ မီးကို ကျုပ်တို့ကို မီတာခ လာတိုးတောင်းနေသေးတယ်။ ဒီရှုံးနေတဲ့ ဌာနတွေကို ဦးဆောင်ခဲ့တဲ့ လူတွေကတော့ သူဌေးကြီးတွေဖြစ်ပြီး ဒေါ်လာသန်းနှင့်ချီပြီး ချမ်းသာကြွယ်ဝ နေကြတာကိုတော့ ကျုပ်တို့ ပြည်သူတွေက ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား။

ဒီလူကြီးတွေက လဘ်စားရုံ မကဘူး ဌာနကိုလည်း သုံးမရအောင် ဖျက်စီးခဲ့ကြတယ်လို့ ပြောယင် ကျုပ်မလွန်ဘူး။ စစ်တပ်ကလာတယ် ဘာမှနားမလည်ဘူး၊ ဒါပေမယ့် စစ်တပ်ထုံးစံ သိတာမသိတာထက် အာဏာနဲ့ခိုင်းတယ်၊ မှန်မှန်မှားမှား လုပ်ကြ၊ နည်းပညာတွေ၊ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အတွေ့အကြုံတွေ၊ ရေရှည်အကျိုးတွေ ဘာတစ်ခုမှ မကြည့်ဘူး။ သူ့အထက်က ဘိုးတော်တွေပြောတဲ့အတိုင်း မှန်မှန်မှားမှား အကုန်လုပ်တော့တာ။ စစ်တပ်ထုံးစံအတိုင်း။

ဗိုလ်ချုပ်ခင်မောင်မြင့်ဆို တစ်ခါ သူ့လူတွေကို ဆူတာကြားဘူးတယ်။ ငါက အထက်လူကြီး ဆူတာမပြောနဲ့ အထက်လူကြီး ညိုငြင်တာတောင် မခံနိုင်ဘူး။ မင်းတို့ကြောင့် ငါ့ကို ငါ့လူကြီးတွေ ညိုငြင်ယင် မင်းတို့တော့ နာပြီသာမှတ်တဲ့။ ကျုပ်က ဝင်ပြောချင်နေတာ အသဲကို ယားနေတာပဲ အဘရယ် အဘအလုပ်လုပ်နေတာ တိုင်းပြည်နဲ့ ပြည်သူ့အတွက်လား အထက်လူကြီးအတွက်လား ဆိုပြီး။ ပြောလို့တော့ ဘယ်ဖြစ်မလဲဗျာ။

သူတို့က သူတို့လူကြီးဆိုသူတွေကို သေမလောက်ဖါးပြီး အစိုးရဌာနတွေကို ကိုယ်ပိုင်လိုသဘောထား အလုပ်လုပ်နေကြတာဗျ။ လျှပ်စစ်ဌာနဆိုတာ နည်းပညာသုံးရတဲ့ အဖွဲ့လေ။ ဌာနက အင်ဂျင်နီယာတွေ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ အလုပ်လုပ်ကြဖို့ လိုတယ်။ ဒီအတွက် အင်ဂျင်နီယာတွေ၊ ပညာရှင်တွေကို တန်ဖိုးထားပြီး အမြဲတိုးတက်အောင် စီစဉ်ပေးရမယ်။ ပညာတော်သင်တွေလွှတ်ရမယ်။ နည်းပညာသင်တန်းတွေတက်ခိုင်းရမယ်။ ဒီလူတွေ ပြန်လာယင် နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး စနစ်တွေချခိုင်း၊ လုပ်ပိုင်ခွင့်တွေပေး၊ စီမံကိန်းတွေ ရေးဆွဲခိုင်း စသည်ဖြင့် ပညာရှင်တွေကို သုံးရမယ်။ သူတို့ကို ရှေ့တန်းတင်ရမယ်။

ဒါပေမယ့် အခြားဌာနတွေမှာ ဖြစ်သလိုမျိုးပဲ စစ်တပ်ကလာတဲ့ ဝန်ကြီးဆိုသူတွေက ပညာတတ်တွေကို နှိပ်ကွပ်ခဲ့တယ်။ ခင်ဗျားတို့လည်း ဒီလိုဇာတ်လမ်းမျိုးတွေကို နားနဲ့မဆန့်အောင် ကြားဖူးကြမှာပါ။ အေး ကျုပ်တို့ လျှပ်စစ်လည်း အဲဒီအတိုင်း ဖြစ်ခဲ့တာ။ လိုင်းလုပ်ခဲ့တဲ့သူကို ခွဲရုံကိုပြောင်း၊ ခွဲရုံလုပ်သူကို လိုင်းကိုပြောင်း၊ ဟိုလူ့ဒီရွှေ့၊ ဒီလူ့ဟိုရွှေ့နဲ့ အင်ဂျင်နီယာတွေကို သူ့ကျွမ်းကျင်ရာမှာသူ မထားပဲ အားလုံးကို ရောမွှေပစ်တယ်။ ခင်ဗျားတို့သိတဲ့အတိုင်း ပညာတတ်ဆိုတဲ့သူတွေက ကြောက်တတ်တယ်။ ကိုယ်သန်ရာလေးတွေ ကိုယ် Specialize လုပ်ထားတာလေးတွေမဟုတ်ပဲ လုပ်ရယင် မကျွမ်းကျင်တော့ဘူး၊ မပိုင်တော့ဘူး၊ ကိုယ်လုပ်ရတဲ့ အလုပ်ကို မပိုင်တော့ဘူးဆိုယင် ပညာတတ်တွေက ယုံကြည်ချက်ပျောက်ဆုံးပြီး ကြောက်တတ်သွားတယ်၊ ကိုယ်လုပ်ရတဲ့ အလုပ်ကို ကိုယ်က ပိုင်ပိုင်နိုင်နိုင် သိနေယင် ယုံကြည်ချက်ရှိရှိနဲ့ မာရဲတယ်။ သူတို့အာဏာရှင်တွေ အခေါ် ပညာတတ်မာနပေါ့ဗျာ။ အဲဒီလိုမျိုး ခေါင်းမမာနိုင်အောင် ဌာနက အင်ဂျင်နီယာတွေကို သားစိုးလို ရောသမမွှေ လုပ်ပစ်တာပေါ့ဗျာ။ ပြီးတော့မှ အုပ်ချုပ်တာ။ ဌာနကလူတွေကို ရန်သူ့နယ်မြေတစ်ခုမှာ အုပ်ချုပ်ရသလိုမျိုး စဉ်းစားပြီး သူတို့အုပ်ချုပ်နိုင်အောင်၊ သူတို့ပေးတဲ့အမိန့်နာခံ နိုင်ယုံလေးဖြစ်အောင် လုပ်ပစ်ကြတာ။ အခုတက်နေတဲ့ ဗိုလ်မှူးကြီးခင်မောင်စိုးဆိုယင် ထောက်လှမ်းရေးနည်းတွေပါ သုံးပြီး လူလည်ကျအုပ်ချုပ်နေတာ။ သူထောက်လှမ်းရေးမှာ ဗိုလ်ကြီးအဆင့်နဲ့ လုပ်ခဲ့ပြီး ဇာဂနာကို စစ်ဆေးရတဲ့ အလုပ်လုပ်ခဲ့တယ်လို့ ဇာဂနာ့ စာအုပ်တစ်အုပ်ထဲမှာ ပါတယ် ပြောကြတယ်။ ကျုပ်တော့မဖတ်ဘူးလို့ မသိဘူး။ ဒါပေမယ့် သူထောက်လှမ်းရေးမှာ ဗိုလ်ကြီးအဆင့်နဲ့ လုပ်ခဲ့တယ်ဆိုတာတော့ သူနဲ့ရင်းနှီးသူတွေ ပြောလို့ကြားဖူးတယ်။

အဲဒီလို သောက်တလွဲစီမံခန့်ခွဲမှုတွေနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တော့ ကျုပ်တို့အင်ဂျင်နီယာတွေကလည်း သောက်တလွဲအင်ဂျင်နီယာတွေ ဖြစ်လာကြတာပေါ့ဗျာ၊ လက်ချိုးရေလို့ရတဲ့ အရေအတွက်ကလွဲလို့ အားလုံးကယောင်တောင်တောင်နဲ့ လက်ညှိုးထောင်ခေါင်းငြှိမ့်၊ ကိုယ့်အိပ်ထဲကိုယ်ထည့် ဖြစ်ကုန်ကြတော့တာပေါ့။ စိတ်ဓာတ်တွေ အကြီးအကျယ် ပျက်စီးခဲ့ကြတယ်။ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ကြတယ်ဗျာ။

စီမံကိန်းတွေ မလုပ်တတ်လုပ်တတ်နဲ့လုပ်ကြပြီး သောက်တလွဲပစ္စည်းတွေကို ဝယ်ကြတယ်။ လွဲလည်း ကိုယ့်အိတ်ထဲက ပေးရတာမဟုတ်ဘူး၊ အမှားအယွင်းတွေ လုပ်မိလည်း တာဝန်ယူစရာမလိုဘူးလေ။ ဝန်ကြီးဖြစ်ချင်တာတွေသာ လုပ်ပေးလိုက်၊ ပြီးယင်ကိုယ်ရသလောက် အိတ်ထဲထည့်လိုက် ဖြစ်ကုန်ကြတာပေါ့ဗျာ။ သူတို့လုပ်နေကြတဲ့ စီမံကိန်းတိုင်းမှာ သောက်တလွဲတွေ၊ ပိုကုန်ကျတာတွေ ပါတယ်။ ကျုပ်ပြောတာ စီမံကိန်းတိုင်းနော်၊ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့ နှစ်ပေါင်းများစွာ ဒီလိုပုံစံနဲ့ အကောင်အထည်ဖေါ်ခဲ့ကြတဲ့ စီမံကိန်းပေါင်းက မနဲဘူး ဒေါ်လာဘီလီယံ ချီပြီးရှိတာ။ သန်းရာနဲ့ချီပြီး သူတို့တွေ ဖြုန်းခဲ့ကြတယ်။ အခုဝန်ကြီးလက်ထက် ကျုပ်ဒီစာရေးနေတဲ့အချိန်အထိ ဖြုန်းကောင်းတုန်း ဘုန်းကောင်းတုန်း။ အဲဒါကြောင့် အခုလွှတ်တော်ထဲမှာ ဒေါက်တာအေးမောင်တို့ ဘာတို့ ဆွေးနွေးနေကြတဲ့ ဝန်ကြီးတွေ ခရီးသွားစရိတ် ကျပ်သိန်း ၇ဝ များတယ်၊ နည်းတယ်လုပ်နေကြတာကြားတော့ ကျုပ်ကရီချင်တယ်။ သူတို့မသိတဲ့ နေရာတွေက ဒေါ်လာ သန်းပေါင်းများစွာ ဒီနေ့အထိ ဖြုန်းနေကြတာလေ။

တိုင်းပြည်အတွက် မလိုတဲ့ စီမံကိန်းတွေလုပ်လို့ ပိုကုန်ရတယ်ဗျာ၊ လိုလို့လုပ်တဲ့စီမံကိန်းတွေမှာ မလိုတာတွေ ပိုဝယ်လို့ ပိုကုန်ရတယ်ဗျာ၊ လိုတာတွေ ဝယ်ရကောင်းမှန်းမသိလို့ မဝယ်လို့ နောက်ဆက်တွဲ ပြဿနာတွေတက်လို့ လိုက်ရှင်းရတာတွေကြောင့် ပိုကုန်ရတယ်ဗျာ၊ နည်းပညာအမှားတွေလုပ်လို့၊ လူကြီးတွေက အမြန်အမြန် လုပ်ခိုင်းလို့ အလွယ် ဖြစ်ကတတ်ဆန်း လုပ်ကြလို့ နောက်ဆက်တွဲ ပြဿနာတွေရှင်းရလို့ ပိုကုန်ရတယ်ဗျာ၊ ဝန်ကြီးကိုပေးရလို့ ပိုကုန်ရတယ်ဗျာ၊ ငွေတွေ ငွေတွေ အသေးစိတ်ပြောနေယင် ခင်ဗျားတို့ ထိုင်ငိုသွားမယ်။
လျှပ်စစ်ဝန်ကြီးဌာန ပျက်စီးရခြင်းအကြောင်းအရင်းထဲက နောက်တစ်ခုက စစ်တပ်ကလူတွေ ပြောင်းလာတာပဲ။ ခင်ဗျားတို့ထဲက တချို့တော့ ကြားဖူးလိုက်ကြမှာပါ။ ၂ဝဝ၆-၂ဝဝရ လောက်မှာ ထင်တယ် ဗိုလ်ချုပ်ကြီးမောင်အေး ထွင်ခဲ့တဲ့ အစဉ်အမြဲ နုပျိုနေရမယ့် တပ်မတော်ဆိုတဲ့ ရူးကြောင်ကြောင် အတွေးအေခ်ါလေ။ စစ်တပ်ထဲမှာ ဗိုလ်မှူးဆိုယင် အသက် ဘယ်လောက်၊ ဒုဗိုလ်မှူးကြီးဆိုယင် ဘယ်အရွယ်ပဲ ရှိရမယ်။ ဒိထက်ကြီးယင် အရပ်ဖက်ပြောင်းဆိုတဲ့ ပေါ်လစီလေ။ စစ်အစိုးရဟာ သူတို့လက်ထက်မှာ မြောက်များလှစွာသော ရူးကြောင်ကြောင် သောက်တလွဲ ပေါ်လစီတွေ လုပ်ခဲ့တယ်။ အရပ်ဖက် အုပ်ချုပ်ရေးအပေါ်မှာကော၊ သူတို့ရဲ့ စစ်တပ်အပေါ်မှာကော။ သူတို့စစ်တပ်အပေါ်မှာ လုပ်တာကမှ ပိုရက်စက်တာ။ ခင်ဗျားတို့ မသိလို့။ ကျုပ်က လူစုံပေါင်းတဲ့သူဆိုတော့ သူတို့တွေပြောပြလို့ သိရတာ။ အချင်းချင်းကို ရက်ရက်စက်စက် လုပ်ကြတာ။ ဒါပေမယ့် ခံတဲ့သူကလည်း ငုံ့ခံကြတယ်။

ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို ပြောပြယင် အံ့သြသွားမယ်။ စစ်သားဆိုတဲ့သူမျိုးက ကမ္ဘာပေါ်မှာ အကြောက်တတ်ဆုံး လူသားဗျ။ အထက်ကလူတွေကိုလည်း သေအောင်ကြောက်ရသလို၊ ရန်သူဟေ့ဆိုယင်လည်း အရမ်းကြောက်ကြရတာ။ ရန်သူစစ်စစ်မပြောနဲ့ သူတို့ကို မကြိုက်တဲ့သူတွေကိုတောင် ကြောက်ကြရတယ်။ သူတို့ကို မကြိုက်တဲ့သူတွေဆိုတာ ရန်သူ့သတင်းပေး ဖြစ်သွားနိုင်တယ်။ ရန်သူ့လူ ဖြစ်သွားနိုင်တယ်။ အခြေအနေပေးယင် ကိုယ့်ကိုလာတိုက်တဲ့ ရန်သူစစ်စစ်ကြီးတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုမကြိုက်တဲ့သူကိုလည်း ကြောက်ရပြန်ကော။ အဲဒီအကြောက်တရားကြောင့် ကျုပ်တို့ခင်ဗျားတို့လို ပြည်သူတွေကို နှိပ်ကွပ်ခဲ့တာ။ အကြောက်တရားရဲ့ စေ့ဆော်မှုကြောင့်ဗျ။ လက်နက်ကြီးတွေ ကိုင်ဆွဲထားပေမယ့် ရင်ထဲက အကြောက်တရားကို ကာကွယ်မပေးနိုင်ဘူး။ ကျုပ်တို့ခံခဲ့ကြရတာ၊ ခံနေကြရတာ အဲဒီသူတို့ရဲ့ ရင်ထဲက အကြောက်တရားကြောင့်ပဲ။

ဒါကြောင့် သူတို့စစ်သားတွေဟာ အထက်ကလူတွေ မဟုတ်တာလုပ်နေကြပြီး ကိုယ့်ကိုလာနှိပ်ကွပ်တာကိုလည်း ငြိမ်ခံနေတတ်ကြတာ။ သူတို့ကြတော့ မဟုတ်တာလုပ်နေကြပြီး ငါတို့ကိုတော့ လာ သမ တယ်ဆိုပြီး ပြန်ရင်ဆိုင်တာမျိုး မလုပ်ရဲဘူး။ အကြောက်တရားက သူတို့ဘဝတစ်လျှောက်လုံး လွှမ်းမိုးထားတယ်။ ထားလိုက်ပါတော့။

ဒီနည်းနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို စစ်ဗိုလ်တွေ ရာချီပြီး ရောက်လာကြတယ် ပေါ့ ဗျာ။ စစ်တပ်ကနေ ပြောင်းလာတဲ့ သူတွေထဲကအများစုကတော့ အင်ဂျင်နီယာတွေပါပဲ။ ဒါပေမယ့် အင်ဂျင်နီယာတို့ ဆရာဝန်တို့ဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ အတတ်ပညာရှင်တွေလေ။ သူတို့မှာ သက်ဆိုင်ရာနယ်ပယ်အလိုက် အထူးပြု လေ့လာ ထားတာတွေ၊ အထူးပြု ဆောင်ရွက်ထားတဲ့ အတွေ့အကြုံတွေ ဆိုတာရှိတယ်။ မျက်စိအထူးကုဆရာဝန်ကြီးကို အရိုးအကြောရောဂါ သွားပြလို့မရဘူးလေ။ အဲဒီလိုပဲ စစ်တပ်ကစက်ရုံတွေမှာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လျှပ်စစ် အင်ဂျင်နီယာတစ်ယောက်က လျှပ်စစ်ဝန်ကြီးဌာနကို ပြောင်းလာယင် သူဘာသွား လုပ်တတ်မှာလဲဗျာ။ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အတွက် သိတော့ သိတာပေါ့။ မျက်စိအထူးကုဆရာဝန်ကြီးလို အရိုးအကြော ရောဂါအကြောင်း အနည်းအကျဉ်းတော့ သိတာပေါ့။ ဒါပေမယ့် ပညာရှင်ဆိုတာ သိတာလောက်လေးနဲ့ လုပ်စားလို့ ရတာ မဟုတ်ဖူး။ ကျုပ်တို့ခေါင်းဆောင်ကြီးတွေက သူ့တို့ကိုသူတို့ MASTER BRAIN တွေလို့ထင်တယ်ဗျ။ သူ့လူတွေကိုလဲ အဲဒီလိုထင်တာပဲ။ အကုန်လုပ်နိုင်တယ် ယူဆတယ်။ ကျုပ်ပြောနေတဲ့ သောက်တလွဲ အယူအဆလေ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung

Postby acmv » Wed Dec 25, 2013 7:41 am

လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၂) by U Moe Aung
ပြည်သူတွေ သိသင့်သော မြန်မာပြည်လျှပ်စစ် အကြောင်း (နိုဝင်ဘာလ ၂ဝ၁၃)
အပိုင်း (၂/၄)

နောက်တစ်ခုက အဲဒီစစ်ဗိုလ်အင်ဂျင်နီယာတွေက ကျောင်းပြီးပြီးခြင်း အသက် ၂၂ - ၂၃ လောက်မှာ စစ်တပ်ထဲရောက်ပြီး ဟိုမှာရိုက်သွင်းခံလိုက်ကြရတာလေ။ အသက် ၄ဝ ကျော် ၅ဝ မှ ဘဝ ပြောင်းသွားရတာ။ အဲဒီတော့ ကျုပ်အမြင်ပြောရယင် အင်ဂျင်နီယာ တစ်ယောက်ထက် စစ်သားတစ်ယောက်လိုသာ တွေးခေါ်တတ်တော့တယ်ဗျ။ ကျုပ်ကတော့ ဒီနေရာမှာ သူတို့ကို သိပ်အပြစ်မတင်ချင်ဘူး။ သူ့တို့ကို ခေတ်စနစ်ရဲ့ သားကောင်တွေလို့ပဲ ယူဆတယ်။ အထူးသဖြင့် ကျုပ်စောစောက ပြောခဲ့တဲ့ အကြောက်တရားဆိုတာကြီး သူတို့ဆီမှာ ကြီးမားစွာ ရှိနေသေးတယ်။ အထက်ကပြောတာတွေ မှန်မှန်မှားမှား အကုန်လုပ်။ ဒီဝန်ကြီး သူကြတော့လဘ်တွေစားနေတာ ငါတို့အသိပဲ။ ငါတို့ပဲ သူခိုင်းလို့၊ သူဖြစ်ချင်လို့ အကုန်လုပ်ပေးနေရတာ။ လူကြားထဲကြယင် သူအကောင်း၊ ငါတို့ချည်းပဲ မှားနေသယောင် ဒီတခါ မခံဘူး ငါပြန်ချဲမယ် စသည်ဖြင့် လုံးဝကို မစဉ်းစားရဲတော့ဘူး။ အားလုံး သူ့အကြိုက်လိုက်လုပ်ပေးလိုက်တာ အေးတယ်ဆိုပြီးဖြစ်ကုန်ကြတာပေါ့ဗျာ။ အေး ကိုယ်ယူလို့ ရတာလဲ အကုန်ယူတော့တာပေါ့ဗျာ။ တိုင်းပြည်အတွက် ဆိုတာတွေ ပြောမနေနဲ့တော့။

ဝန်ကြီးလိုပုဂ္ဂိုလ်မျိုးတွေကတော့ ဒီလိုလူမျိုးကို ကြိုက်ကြတာ။ ပြန်ပြောတတ်တဲ့သူ၊ ကိုယ်သေသေချာချာသိပြီး မှန်တယ်ဆိုယင် ပြန်ချဲတတ်တဲ့ ပညာတတ်တွေဆို အရမ်းမျက်မှုန်းကျိုးကြတာ။ ခင်ဗျားတို့ သိပါတယ်ဒါတွေ။ နောက်တစ်ခုက ကျုပ်ပြောပြပြီးသလို ဒီလူတွေက သူတို့လုပ်ရတဲ့ အလုပ်အကြောင်းကို မပိုင်နိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် သတ္တိလည်းမရှိတော့ဘူး။ ယုံကြည်ချက်လည်းမရှိကြဘူး။ အဲဒီတော့ လက်ညှိုးထောင်မယ်၊ ခေါင်းငြိမ့်မယ်၊ အိတ်ထဲ ထည့်မယ် ဒါပဲ ဖြစ်ကုန်တယ်။ သူတို့ကို အာဏာရှင်တွေက ဖျက်စီးခဲ့ကြတယ်လို့ ကျုပ်ဆိုချင်တယ်။

ခင်ဗျားတို့ အများကြီးကြားဖူးကြမှာပါ အာဏာရှင်တွေရဲ့ လက်ချက်နဲ့ ကျုပ်တို့တိုင်းပြည်မှာ လူကောင်းတွေ ပညာရှင်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ဇာတ်လမ်းတွေလေ။ အဲဒီဇာတ်လမ်းမျိုးတွေထဲက မြောက်မြားစွာသော ပညာတတ်သားကောင် တွေရှိတယ်။ အဲဒီထဲမှာ နောက်ဆုံးသားကောင်ကတော့ ဒီနှစ်ဆန်းလောက်မှာ အတင်းအကြပ် ပင်စင်ပေးခြင်း ခံလိုက်ရတဲ့ မြန်မာ့လျှပ်စစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းနိုင်ပဲ။

ဒေါက်တာထွန်းနိုင်ဆိုတာ ကျုပ်တို့ လျှပ်စစ်ဝန်ကြီးဌာနမှာ အတော်ဆုံး ပညာရှင်တစ်ယောက်လို့ အားလုံးက အသိအမှတ်ပြုထားကြတဲ့သူ။ ဒီလူက ဌာနအပေါ်မှာ စေတနာထားပြီး တော်တော် ကျိုးကျိုးစားစား အလုပ်လုပ်ပေး တယ်။ ဒေါက်တာဘွဲ့ကို ထိုက်ထိုက်တန်တန် ရခဲ့တယ်လို့ ကျုပ်ယုံကြည်တယ်။ ခင်ဗျားတို့ သံသယရှိယင် လျှပ်စစ် ဝန်ကြီးဌာနက ပင်စင်စား ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ် တွေဖြစ်ကြတဲ့ ဒေါက်တာစန်းဦး၊ ဒေါက်တာသိန်းထွန်း၊ ဦးထွန်းအေးတို့ကို မေးကြည့်နိုင်တယ်။ ခင်ဗျားတို့က မေးကောင်း မေးလိမ့်မယ် ဒါဆိုယင် ဒေါက်တာထွန်းနိုင်က ခြောက်ပြစ်ကင်းသဲလဲစင်လားဆိုပြီး။ ဒီလိုကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ အာဏာရှင်တွေ အုပ်ချုပ်မှုအောက်မှာ ဒီလောက်သောက်တလွဲတွေ ဖြစ်နေတဲ့ ဌာနတစ်ခုမှာ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာတော့ ဘယ်ရှိနိုင်ပါ့မလဲ။ သူလည်းအမှားတွေတော့ လုပ်ခဲ့တာပေါ့။ ဒါပေမယ့် သူတို့ အားလုံးထဲမှာတော့ အရည်အချင်းအားဖြင့်နဲ့ ဌာနအပေါ်မှာ ထားတဲ့စေတနာအရတော့ အကောင်းဆုံး လူတစ်ယောက်ပဲ။ အားလုံးကလည်း လက်ခံကြတယ်။ အားလုံးဆိုတာ ဝန်ကြီးဌာနက လူတွေတင်မကဘူး ဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံခြားသားတွေ၊ နိုင်ငံခြား အဖွဲ့အစည်းတွေပေါ့ဗျာ။ ဒီလိုလူမျိုးက ဒီခေတ်မှာရှားတယ်ဗျ။ အခြား ဝန်ကြီးဌာနတွေမှာလည်း သူ့လိုလူ တစ်ယောက်စ နှစ်ယောက်စ ရှိတတ်ကြပါတယ်။ ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။ အခုထိပါ။

ဒေါက်တာထွန်းနိုင်က ကျုပ်ခုနက ရှင်းပြခဲ့တဲ့ ပညာရှင်တွေရဲ့ ညဉ် အပြည့်ရှိတယ်။ ဝန်ကြီးတွေကို အကျိုးနဲ့အကြောင်းနဲ့ ပြန်ပြောတယ်။ ဗိုလ်ချုပ်ခင်မောင်မြင့် လက်ထက်ကတည်းက သူက ဝန်ကြီးကို အများကြီးပြန်ပြောခဲ့တယ်။ သူ ဓါတ်အားစနစ်ရဲ့ အင်ဂျင်နီယာချုပ်လုပ်လိုက်တဲ့အချိန်မှာ ကျုပ်တို့ဓါတ်အားစနစ် တိုးတက်လာခဲ့တယ်။ ခင်ဗျားတို့ကတော့ ရီချင်ရီလိမ့်မယ်။ ဒီလောက်စုတ်ပြတ်နေတဲ့ ဟာကိုများဆိုပြီး။ အဲလိုပြောလဲ ကျုပ်က စိတ်မဆိုးပါဘူး။ ဒါပေမယ့် ကျုပ်က ကျုပ်တို့လူတွေ အားလုံးအသိအမှတ်ပြုထားကြတဲ့ဟာကို ပြောပြနေတာ။ ကျုပ်တို့ဟာ ကျုပ်တို့ ဘာတွေဖြစ်နေလဲ အသိဆုံးပဲလေ။ အေးပါထားလိုက်ပါတော့။

ဒေါက်တာထွန်းနိုင်က ဝန်ကြီးကို အဲလိုပြန်ပြောတတ်လွန်းလို့ ဗိုလ်ချုပ်ခင်မောင်မြင့် လက်ထက်ကတည်းက ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းဦး ပင်စင်သွားတော့ သူ့ကိုမပေးပဲ သူ့လိုပြန်မပြောတတ်တဲ့ ပညာတတ်ညဉ်မရှိတဲ့ ဦးအောင်သန်းဦးကိုပဲ ပေးခဲ့တာ။ ဒါပေမယ့် ဗိုလ်ချုပ်ခင်မောင်မြင့်က သူ့ကိုရာထူးမတိုးပေး ပေမယ့် သူ့တန်ဖိုးကိုသိလို့ သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ ဓါတ်အားစနစ်ကို ကိုင်ခိုင်းခဲ့တယ်။ အခုဝန်ကြီးတက်လာပြီး ဦးအောင်သန်းဦး ဒုဝန်ကြီးဖြစ်သွားတော့ လစ်နေတဲ့ ဦးဆောင်ညွှန်ကြားရေးမှူး နေရာကို တော်တော်နဲ့မပေးသေးဘူးဗျ။ ဒေါက်တာထွန်းနိုင်က အသင့်တော်ဆုံးဆိုတာ သိပေမယ့် သူကပညာရှင်အရမ်းဆန်တယ်လေ။ ပညာရှင် ဆန်တဲ့သူကို အာဏာရှင်က မုန်းတယ် ခင်ဗျားတို့ သိပါတယ်။ နောက်ဆုံး လူကလည်းမရှိတဲ့အတွက် သူ့ကိုခန့်လိုက်တယ်။ အဲဒါက ဌာနအတွက် ဂြိုလ်ဆိုးဝင်တာပဲလို့ ကျုပ်ယူဆတယ်။ ဌာနအတွက် အကောင်းဆုံးအင်ဂျင်နီယာတစ်ယောက် ဆုံးရှုံးဖို့ ဖြစ်လာတော့တယ်။

MD ဖြစ်လာတော့ ဝန်ကြီးရဲ့ မတရား ဖြစ်ချင်တာတွေကို လိုက်လုပ်ပေးရတဲ့ ကိစ္စတွေမှာ ဒေါက်တာထွန်းနိုင်သည် ဝန်ကြီးအတွက် အနှောက်အယှက် ဖြစ်လာတော့တယ်။ ကျုပ်နောက်ပိုင်းမှာ တင်ပြမယ့် ဝန်ကြီးရဲ့ဘောင်ကျော် စည်းလွတ်ဝါးလွတ် လုပ်ရပ်တွေမှာ ဒေါက်တာထွန်းနိုင်က ကန့်လန့်တိုက်တဲ့သူပေါ့ဗျာ။ ဝန်ကြီးရဲ့လူတွေက သူတို့လုပ်ချင်တာ မလုပ်ရလို့ သူ့ကိုမကြည်ကြဘူးပေါ့။ အဲဒီမှာ ထောက်လှမ်းရေးသမား ဟောင်းကြီး ဦးခင်မောင်စိုး ဒေါက်တာထွန်းနိုင်ကို တေးထားတော့တယ်။ အသုံးသိပ်မကျတဲ့ မီးစက်ကြီးတွေ တင်ဒါမခေါ်ပဲ ဝယ်တဲ့ကိစ္စတွေ၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သူ့သဘောကျ ကုမ္ပဏီနဲ့ပေါင်းပြီး ဓါတ်အားပေးစက်ရုံတွေခွင့်ပြုခဲ့တဲ့ကိစ္စတွေ၊ ကုမ္ပဏီတွေ စိတ်ကြိုက် ဓါတ်အားခတွေ တောင်းတာတွေနဲ့ ပါတ်သက်ပြီး ဝန်ကြီးက ကြိမ်းတော့တာပေါ့ဗျာ။ နောက်ဆုံး ဒေါက်တာထွန်းနိုင် ဆိုတဲ့ လျှပ်စစ်ဝန်ကြီးဌာနမှာ အတော်ဆုံး ပညာရှင်တစ်ယောက်လို့ အားလုံးက အသိအမှတ်ပြုထားကြတဲ့သူကို လူမှုရေးအကြောင်းပြချက်တစ်ခုနဲ့ သမ္မတရုံးက အမိန့်နဲ့ အတင်းအကြပ် အငြိမ်းစား ယူခိုင်းတော့တာပဲဗျာ။ ဒါတောင် ဆရာသမားက ထောက်လှမ်းရေး သမားပီပီ သူမသိလိုက်ဘူး။ သမ္မတရုံးက တိုက်ရိုက်လာတာ၊ ဘာညာနဲ့ ရွှီးသေးတာဗျာ။ လူတွေများ သောက်အလို့ ထင်နေတာ။ အားလုံးက သိပြီးသား။ ဘယ်သူ့လက်ချက်လဲ ဆိုတာ။ ကြောက်လို့ မပြောပဲနေ နေကြတာ။

ကျုပ်ဒီနေရာမှာ ဝန်ကြီးရဲ့ လုပ်ရပ်ထက် သမ္မတရုံးရဲ့ လုပ်ရပ်ကို ပိုအံ့သြမိတယ်။ MD တစ်ယောက်ဗျာ၊ ဒေါက်တာဗျာ၊ ဘာလို့ဝန်ကြီးက ဖြုတ်ချင်ရတာလဲ နဲနဲပါးပါး မစုံစမ်းကြည့်ဘူးလား။ တိုင်းပြည်အတွက် အင်မတန်အသုံးဝင်တဲ့ လူကောင်းတစ်ယောက်ကို ဒီလိုလွယ်လွယ်လေး ဖြုတ်ထုတ်သတ် လုပ်လိုက်တာလေ။ အေးလေသူတို့ အာဏာရှင်တွေက ကျုပ်တို့ ပညာရှင်တွေကို ခေတ်အဆက်ဆက် ဒီလိုလုပ်လာခဲ့တာကိုး။ အကျင့်ကတော့ အကုန်အတူတူပါပဲဗျာ။ အခုလုပ်ရပ်ကို ကြည့်ယင် ခင်ဗျားတို့ အကောင်းမြင်၊ အကောင်းရေးနေကြတဲ့ ဦးသိန်းစိန်ကြီးကလဲ ရှေးလူကြီးစကားနဲ့ ပြောရယင် ဒီပုတ်ထဲက ဒီပဲ ပါပဲ။ ဒီလို ပညာရှင်တွေကို နှိပ်ကွပ်ခဲ့တာတွေကြောင့် ကျုပ်တို့တိုင်းပြည်ကြီး ဒီလိုဖြစ်လာခဲ့ရတာလေ။ အခုထိ ဆက်လုပ်နေတုန်း။ ဒီမိုကရေစီ ဆိုတဲ့စကားလုံးတွေ ပြည်သူတွေ ဆိုတဲ့စကားလုံးတွေ မိုးမွှန်အောင် ပြောနေကြတဲ့ လူတွေကဗျာ။ ကျုပ်ဖြင့် ကြားနေရတာနဲ့ မြင်နေရတာ ကွာလွန်းလို့ ရူးချင်တင်တင် ဖြစ်လို့ ဆရာဝန် လာပြတယ်ဆိုတဲ့ ကာတွန်းလေး အရမ်းကြိုက်ပဲ။
ဒီစာက ဒေါက်တာထွန်းနိုင် ချီးမွန်းခမ်းဖွင့်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့ သိအောင်ပြောပြရယင် ဒီလူပင်စင်ပေးခံလိုက်ရတာ တိုင်းပြည်ပဲနာတာဗျ။ သူ့အတွက်ကတော့ အချိန်ပြည့်အလုပ်လုပ်ဖို့ ခေါ်တဲ့သူတွေ၊ အချိန်ပိုင်း လုပ်ဖို့ခေါ်တဲ့သူတွေ တန်းစီနေကြတာ။ လခ ဒေါ်လာကို ထောင်တွေချီပြီး ရလိမ့်မယ်။ လူ့ကို လမ်းဆန်းပေါ့ပါးပြီး ပျော်နေတာပဲ ဆိုပဲ။ ထွက်ပြီးမှ တွေ့တဲ့သူတွေ ပြောပြတာ။ ဦးနေဝင်းလက်ထက်ကတည်းက ခင်ဗျားတို့ကျုပ်တို့ ဒီလိုဇာတ်လမ်းမျိုးတွေကို မရိုးနိုင်အောင် ကြားဖူးခဲ့ကြတာလေ။ သူ့ဇာတ်လမ်းက ခင်ဗျားတို့အတွက် နောက်ဆုံးပေါ့ဗျာ။ စစ်တပ်ကလာတဲ့ အာဏာရှင် ဝန်ကြီးတွေ ညွှန်ချုပ်တွေကြောင့် တိုင်းပြည်အတွက် တကယ်တန်ဖိုးရှိတဲ့ ပညာတတ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာ။ ဒီလိုနဲ့ ကျုပ်တို့လူမျိုး ပညာရှင်တွေ အမေရိကားမှာ၊ စင်္ကာပူမှာ၊ ထိုင်းမှာ တကမ္ဘာလုံးအနှံ့ နေထိုင် အလုပ်လုပ်နေကြတာ အားလုံးအသိပဲ။ ဒီလူတွေဟာ နိုင်ငံတကာက ပညာရှင်တွေနဲ့ ယှဉ်ပြီး အလုပ်လုပ်နိုင်ကြတယ်ဗျ။ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူတွေနဲ့ အလုပ်မလုပ်ပဲ တန်ဖိုးထားတဲ့သူတွေနဲ့ပဲ အလုပ်လုပ်ကြတော့တာပေါ့။

လူကအရမ်း အရေးကြီးတယ်ဗျ။ လူတော်တွေက စနစ်ကောင်းတွေကို တည်ဆောက်မယ်။ စနစ်ကောင်းတွေကမှ လူတော်တွေကို ထပ်မွေးထုတ်မယ်။ ဒီလူတော်တွေနဲ့ ဒီစနစ်ကောင်းတွေပေါင်းပြီးမှ ကျုပ်တို့တိုင်းပြည်အတွက် ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေအတွက် ရလဒ်ကောင်းတွေ ဆောင်ကျဉ်းပေးနိုင်မှာ။ ငါ့စကားနွားရ အာဏာရှင် ခြစားတဲ့သူတွေနဲ့ မွဲသထက်မွဲဖို့ပဲရှိတယ်။
ဒါတွေရဲ့အကျိုးဆက်ကတော့ ကျုပ်တို့ ကနေ့ကြုံနေရတဲ့ ပျက်ချင်သလိုပျက်၊ လာချင်သလိုလာ၊ လာတော့လည်း မီးအားက မပြည့်၊ လုံးလုံးကို အသုံးမကျတဲ့ မီးပေါ့ဗျာ။ အဲဒါတွေကြောင့် ကျုပ်တို့တွေက မီးစက်တွေဝယ်ရ၊ မီးအားမြှင့်စက်တွေတပ်ရ၊ ကိုယ်ပိုင်ထရန်စဖေါ်မာတွေ တပ်ရနဲ့ အကုန်အကျတွေကများ၊ အလုပ်တွေရှုပ်၊ ရုပ်ပျက်စင်းပျက်တွေနဲ့ ဒုက္ခသုက္ခတွေနဲ့ ပေါ့ဗျာ။ မီးပျက်တုန်း ခလုတ်ပြန်မပိတ်မိလို့ မီးပြန်လာတဲ့အချိန် မီးလောင်တာတွေလည်း မကြာခဏ ခင်ဗျားတို့ ကြားမှာပေါ့။ သူတို့လုပ်ရမယ့်အလုပ်ကို ကျုပ်တို့က ကိုယ့်ဖါသာကိုယ် စီမံနေကြရတာလေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့။
ဟိုတစ်လောက ဗလီတစ်ခုမီးလောင်တာ မှတ်မိတယ်မဟုတ်လား။ အဲဒီအသုံးမကျတဲ့ လျှပ်စစ်မီးကြောင့် ဗလီဆရာတွေက မီးစက်တွေ မီးအားမြှုင့်စက်တွေ ဆောင်ထားရတယ်လေ။

ထားစရာနေရာကမရှိတော့ မီးစက်အတွက် သုံးတဲ့ ဒီဇယ်ပုံးကို မီးအားမြှုင့်စက် အခန်းထဲထည့်ထားတာ။ မီးအားမြှုင့်စက်က ညနက်ပိုင်း မီးအားတွေတက်လာတာ မသိတော့ မီးလောင်ရာကနေ ဒီဇယ်ပုန်းက ရှိနေတော့ ပြီးပြီပေါ့ဗျာ။ ခလေးတွေသေကုန်ကျတာ အင်မတန်သနားဖို့ကောင်းတယ်။ ကံကောင်းလို့ ဘာသာရေးအဓိကရုဏ်း ဖြစ်တော့မလို့။ အဲဒီကိစ္စမှာ ဗလီဆရာကတရားခံ ဖြစ်သွားတယ်။ ကျုပ်ကတော့ တကယ့် တရားခံအစစ်က ခေတ်အဆက်ဆက် လျှပ်စစ်ဝန်ကြီးလုပ်ခဲ့တဲ့ သူတွေနဲ့ သူတို့ကို ပေါက်ကရပေါ်လစီတွေ ချပေးခဲ့တဲ့ သူတို့ရဲ့ ဆရာသမားတွေပဲလို့ ယူဆတယ်။ တကယ်က သူတို့ကို တရားစွဲရမှာ။
ကိုယ်ပိုင်ထရန်စဖေါ်မာ တပ်တော့လည်း Capacitor ဆိုပြီးတပ်ရမယ်လုပ်တယ်။ အမှန်က သူတို့ရဲ့ လိုင်းတွေ ခွဲရုံတွေမှာ တပ်ထားပေးရမှာကို ကျုပ်တို့ကို တပ်ခိုင်းတာ၊ သူများတိုင်းပြည်တွေမှာ အစိုးရမီးပေးတဲ့သူတွေက သူတို့ဖါသာသူတို့ တပ်ကြတာ။ တော်ရုံတန်ရုံ ထရန်စဖေါ်မာရှိရုံနဲ့ တပ်စရာမလိုဘူး။ လိုအပ်တဲ့ စက်ရုံ အလုပ်ရုံတွေမှ တပ်ရတာ။ ဒီမှာက ပညာမတတ်တဲ့သူတွေ ဦးဆောင်နေတာဖြစ်တော့ နည်းပညာမသိ၊ နားမလည်ပဲ အကုန်လျှောက်တပ်ခိုင်းတာ၊ အနိုင်ကျင့်ပြီး လုပ်ခိုင်းတာပေါ့ဗျာ။ ကျုပ်ပြောပြထားသလို သူတို့ဖက်က တလွဲတွေချည့် အကုန်လုပ်၊ ပြီးတော့ လူတွေကို အတင်း အနိုင်ကျင့်ပြီးခိုင်း၊ အခုနောက်ဆုံး လျှပ်စစ်ဓါတ်အားခတွေကို အတင်းတက် လုပ်နေကြတာ အရင် စစ်အစိုးရတုန်းက လုပ်ခဲ့တဲ့ ပုံအတိုင်းပဲဗျ။

ကျုပ်အခု လက်ရှိဝန်ကြီး ဦးခင်မောင်စိုး အကြောင်းဆက်ပြောမယ်ဗျာ။ သူ့အကြောင်းက ခင်ဗျားတို့က မသိလို့ အင်တာနက်မှာ ခဏခဏပါတယ်။ ဒါပေမယ့် သူက တပ်ထဲမှာနေတုန်းက ဦးသိန်းစိန်ရဲ့ တပည့် ဖြစ်ခဲ့ဖူးတယ် ဆိုလားပဲ။ ဒါကြောင့် သူဘာမှမဖြစ်တာဆိုပြီး ပြောနေကြလေရဲ့။ ဒါကြောင့် ဒေါက်တာထွန်းနိုင်ကို ဖြုတ်ဖို့ ဝန်ကြီး ပြောတာကို သမ္မတရုံးက မေးမြန်းစုံစမ်းခြင်းမရှိ ခွင့်ပြုခဲ့တာလို့ ကျုပ်ထင်တယ်။ လဘ်စားတဲ့နေရာမှာ သူကအဆိုးဆုံးလို့ ကျုပ်ကတော့ယူဆတယ်။ ပေါ်ပေါ်ထင်ထင်ကြီးကို လုပ်စားတာ ။ သူ့လက်ထက်ကြမှ ကျုပ်တို့လူတွေက ဖယောင်းတိုင် သွားထွန်းကြတာကိုးဗျ။ အဲဒီတော့ ဖိအားဝင်သွားတဲ့ သမ္မတကြီးက မီးတွေထွက်အောင် သူ့ကိုတွန်းအား ပေးတော့တာပေါ့။ လုပ်ပိုင်ခွင့်တွေပေးတောတာပေါ့။ သမ္မတကြီးအခက်၊ အစိုးရအခက် ဝန်ကြီးအချက်ပေါ့ဗျာ။
ချက်ခြင်း သူ့လူတွေဆီက မီးစက်ကြီးတွေ ဈေးမဆစ်ပဲ၊ တန်ဒါမခေါ်ပဲ ဝယ်တော့တာပဲ။ အရေးကြီးတယ် ပစ္စည်းရှိရမယ် အမြန်ရောက်အောင်ပို့ရမယ်ဆိုပြီး သူ့လူတွေဖြစ်တဲ့ ဇေယျသူရမွန်ရဲ့ Z&A ကုမ္ပဏီနဲ့ MSP ကုမ္ပဏီရဲ့ Caterpillar မီးစက်ကြီးတွေကို ပေါက်ဈေးထက် ၂ဆ နီးပါးပိုပေးဝယ်ခဲ့တယ်။ စုစုပေါင်း ဒေါ်လာ ၄ သန်း ဖိုးလောက်ရှိမယ်ကြားတယ်။ တရားဝင်မပြောဘူးဗျ။ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ကိုယ့်ဖါသာကိုယ် မေးကြည့်ကြပေါ့။ မြန်မာကျပ်ငွေနဲ့ ချေတယ်။ ဝန်ကြီးဌာနတွင်းမှာတော့ လှုပ်လှုပ်ရွရွ ပေါ့ဗျာ။ ဒီငွေပမာဏကို တင်ဒါမခေါ်ပဲ ဝန်ကြီးအဆက်ဆက် ဘယ်တုန်းကမှ မဝယ်ဖူးဘူးလေ။ ဝန်ကြီးက အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးအပြည့်အဝ အသုံးချသွားတာ။ ထောက်လှမ်းရေးသမားဆိုတာ ကျုပ်တို့ကို ပြလိုက်တာလေ။ ဒါပေမယ့် ဇာတ်လမ်းက မဆုံးသေးဘူး။ ဝယ်လိုက်တဲ့ မီးစက်ကြီးတွေက အကြီးကြီးတွေဗျ။ ၁ဝဝဝ ကေဗွီအေ ကျော် ကောင်ကြီးတွေလေ။

ဝယ်ရတဲ့ ရည်ရွယ်ချက်က မီးပျက်ယင် ဒီမီးစက်ကြီးတွေကို ကားနဲ့ဆွဲသွားပြီး လမ်းဘေးမှာရှိတဲ့ ထရန်စဖေါ်မာလေးတွေနားမှာ ရပ်ပြီး စက်မောင်း ပေးမယ်ပေါ့ဗျာ။ ခင်ဗျားတို့ လမ်းဘေးတွေမှာ မြင်နေရတဲ့ အစိုးရပိုင် ထရန်စဖေါ်မာတွေဟာ အများအားဖြင့် ၂ဝဝ ကေဗွီအေ ၊ ၃၁၅ ကေဗွီအေ၊ ၅ဝဝ ကေဗွီအေ လောက်ပဲရှိကြတာ။ ဝယ်မယ့်ဝယ် ဒီအရွယ်အစားရှိတဲ့ စက်တွေပဲဝယ်ရမှာ။ ဒါပေမယ့် သူ့လူတွေပဲ ရောင်းလို့ရအောင် တမင်အကြီးကြီးတွေ ဝယ်ပစ်တယ်လို့ လူတွေက ယူဆကြတယ်။ ခုနပြောခဲ့တဲ့ အရွယ်တွေသာ ဝယ်ယင် ဈေးကွက်ထဲမှာ အများကြီး၊ သူ့လူတွေ ကြိုက်ဈေးနဲ့ ရောင်းလို့ရမှာ မဟုတ်လို့ ဒီလိုလုပ်ပစ်တာ။ ဌာနက အင်ဂျင်နီယာတွေက တားတဲ့ကြားက နားမထောင်ပဲ ဇွတ်ဝယ်ပစ်တာ။ ဒေါက်တာထွန်းနိုင်က သွားတားတဲ့ သူတွေထဲမှာ ပါတယ်လေ။ အဲဒါကြောင့် သူ့တေးထားတာ။ အဲဒီတော့ မီးစက်ကြီးတွေကကြီးပြီး ထရန်စဖေါ်မာလေးတွေက သေးနေတော့ ဆီတွေပိုကုန်တာပေါ့ဗျာ။ မီးစက်သုံးဖူးသူတိုင်း သိတဲ့ကိစ္စလေ။ ခင်ဗျားတို့ အခွင့်အရေးရယင် အဲဒီမီးစက်ကြီးတွေရဲ့ စက်နာရီကို ကြည့်ကြည့်စေချင်တယ်။ ဒီလောက် မတန်တဆပေးပြီး အရေးတကြီး ဝယ်ခဲ့တဲ့ မီးစက်ကြီးတွေ ဘယ်နှစ်နာရီလောက်ပဲ မောင်းပြီးပြီလဲဆိုတာ။ သုံးထားတာနဲ့ ပေးရတာ လုံးဝမကာမိဘူး။
Like · · Share
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung

Postby acmv » Wed Dec 25, 2013 7:44 am

လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၃) by U Moe Aung
ပြည်သူတွေ သိသင့်သော မြန်မာပြည်လျှပ်စစ် အကြောင်း (နိုဝင်ဘာလ ၂ဝ၁၃)
အပိုင်း (၃/၄)

ပြီးတော့ သိပ်မကြာဘူး ဒီကုမ္ပဏီ ၂ ခုကို အင်းစိန်ရွာမနဲ့ လှော်ခါးမှာရှိတဲ့ ဓါတ်အားပေးစက်ရုံဝင်းအတွင်းမှာ ကုမ္ပဏီပိုင် ဓါတ်ငွေ့ဓါတ်အားပေးစက်ရုံလေးတွေ လုပ်ဖို့ခွင့်ပြုတော့တာပဲ။ MOU ဆိုတဲ့ နားလည်မှု စာချုပ်လေးချုပ်ပြီး တခါတည်းအလုပ်အပ်လိုက်တာ။ ဘာတင်ဒါမှမရှိ။ ဘာကြောင်းပြချက်နဲ့ ပေးလိုက်တာလဲမသိ။ တချိန်တည်း ဗိုလ်ချုပ်တင်နိုင်သိန်းရဲ့သား ကျော်ဇေယျ ခေါ်လာတဲ့ ထိုင်းကုမ္ပဏီကို အလုံ ဓါတ်အားပေး စက်ရုံဝင်းအတွင်းမှာ၊ နောက် ကုမ္ပဏီတစ်ခုကို သာကေတ ဓါတ်အားပေးစက်ရုံဝင်းအတွင်းမှာ၊ ဦးစိန်ဝမ်းကို မော်လမြိုင် ဓါတ်အားပေးစက်ရုံဝင်းအတွင်းမှာ၊ ဒေါက်တာစုံဟန် ခေါ်လာတဲ့ ကိုရီးယား ကုမ္ပဏီတစ်ခုကို သာကေတ ဓါတ်အားပေးစက်ရုံဝင်းအတွင်းမှာ အကုန်လုံးအပိုင်စားပေး အလုပ်လုပ်ခိုင်းလိုက်တော့တာဗျား။ MIC တောင်မကျသေးပဲ သူ့အမိန့်နဲ့ အလုပ်တွေစနေတာ အခုတော့ တချို့သူတွေဆို အလုပ်တွေလည်းပြီး၊ MIC လည်းကျပေါ့၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၇၅ဝ လောက် ရှိမယ်လို့ ကျုပ်မှန်းတယ်။ ဝန်ကြီးလောဘ တက်လဲ တက်လောက်စရာပေါ့ဗျာ။ ဦးခင်မောင်စိုးရဲ့ လဘ်စားမှုတွေထဲမှာ ဒီဟာအချီကြီးပဲ။

အစီအစဉ်က သူတို့ စက်ရုံတွေက ထွက်လာတဲ့ ဓါတ်အားကို လျှပ်စစ်ဝန်ကြီးဌာနက ဝယ်ပြီး ကျုပ်တို့ကို ဖြန့်မယ်ပေါ့။ အခုတော့ သူတို့နဲ့ ဓါတ်အားခနှုန်းထားတွေ ညှိနေတုန်း၊ ကျုပ်တို့ကို ဓါတ်အားခတွေတက်တာ သူတို့ကို ဓါတ်အားခတွေ ပေးနိုင်အောင်လည်းပါတယ်။ မရိုးသားဘူးပေါ့။

ခင်ဗျားတို့ကြားဖူးကြမှာပေါ့ ကျုပ်တို့ဆီက ဓါတ်အားဆုံးရှုံးမှုတွေ ဘယ်နှစ်ရာခိုင်နှုန်း ရှိတယ်ဆိုတာ။ ၃ဝ% လောက် တောင်ရှိတယ်ဗျ။ ကမ္ဘာပေါ်မှာ အများဆုံးလို့ ဆိုလို့ရမယ်။ လျှပ်စစ်ဝန်ကြီးဌာနက ဘယ်တုန်းကမှ တရားဝင် ဝန်ခံပြောကြားခြင်းမရှိဘူး။ ဒါကတော့ သူတို့ စစ်အစိုးရလက်ထက်ကတည်းက လုပ်လာတဲ့ အလုပ်လေ။ လုပ်တာတွေကိုပဲ ပြောတယ်။ ဖြစ်နေတာတွေကို အမှန်အတိုင်း ဘယ်တော့မှ မပြောဘူး။ လျှပ်စစ်ဝန်ကြီး အဆက်ဆက်ကလည်း ဒီဓါတ်အားဆုံးရှုံးတာတွေကို လျော့ကျအောင်လုပ်ဖို့ ဘယ်တုန်းကမှ အားမထည့်ဖူးဘူး။ ဓါတ်အား ပမာဏတွေကို များများပြောနိုင်ဖို့ စီမံကိန်းအသစ်တွေလုပ်ဖို့၊ ခွဲရုံအသစ်ကြီးတွေ လိုင်းအသစ်ကြီးတွေ လုပ်ဖို့ကိုပဲ စိတ်ဝင်စားကြတာလေ။ ခင်ဗျားတို့သိပါတယ် သူတို့စရိုက်။

အခုဝန်ကြီးလည်း ဒီအတိုင်းပဲပေါ့ဗျာ။ လျှပ်စစ်ဓါတ်အားမလုံလောက်ဖူး။ လောက်အောင် မြန်မြန် အရေးတကြီးလုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကုမ္ပဏီတွေကို အစိုးရပိုင်မြေတွေပေါ်မှာ ကုမ္ပဏီပိုင် စက်ရုံတွေ တည်ဆောက်ခွင့်ပြုခဲ့တာ။ ဒီဓါတ်အားဆုံးရှုံးတာတွေကို လျော့ကျအောင်လုပ်ဖို့ ဘာမှဟုတ်တိပတ်တိ ကိုမလုပ်ဖူး။ ဓါတ်အားဆုံးရှုံးတာတွေကို လျော့ကျအောင်လုပ်ဖို့ဆိုတာ ပိုပညာပါတယ်ဗျ။ ပိုခက်တယ်ပေါ့ဗျာ။ အချိန်လည်း ပိုယူရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဦးနေဝင်းလက်ထက်ကတည်းက စုလာတဲ့ အမှားတွေကို ပြင်ရမှာမို့လို့ပေါ့။ အဲဒီတော့ သူ့လက်ထက်အတွင်းမှာ ပြီးစီးအောင် လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်။ အဲဒီတော့ ဆူလွယ်နပ်လွယ် တွေပဲလုပ်ခဲ့တယ်။ သမ္မတကြီးကိုလည်း ပြောလို့ကောင်းတယ်ဗျား။ မသိနားမလည်တဲ့ ကျုပ်တို့ပြည်သူတွေကိုလည်း ဓါတ်အား ပမာဏ များများ ပြောနိုင်တယ်ဗျာ။ ဒါကြောင့် ဒီစီမံကိန်းအသစ်တွေကိုပဲ ဇောင်းပေးလုပ်ခဲ့တာ။ နောက်တစ်ခုက ဒီလို ဓါတ်အားပေးစက်ရုံတွေ၊ ခွဲရုံအသစ်တွေ၊ လိုင်းအသစ်တွေ စတဲ့ စီမံကိန်းအသစ်တွေကို လုပ်တော့ အချိန်တိုအတွင်း သူ့အတွက်စီတယ်။ ဓါတ်အားဆုံးရှုံးမှုကျဆင်းရေးအလုပ်ကတော့ ဂျပန်အစိုးရကပဲ ချေးငွေနဲ့လုပ်ပေးမလိုလို၊ ကိုရီးယားကပဲ လုပ်မလိုလို၊ တရုတ်နဲ့ပေါင်းမလိုလို၊ အာရှဖွံ့ဖြိုးရေးဘဏ်က ကူမလိုလို၊ ကမ္ဘာ့ဘဏ်က ချေးမလိုလိုနဲ့ ဖိလစ်ပိုင်လား အင်ဒိုနီးရှားလား အဲဒီလိုတိုင်းပြည်က အစိုးရတစ်ခုတောင် ပါသေးရဲ့။ သေချာတာကတော့ ကျုပ်တို့ဝန်ကြီးက လုံးဝလုံးဝကို စိတ်မဝင်စားပါ။ သူစိတ်ဝင်စားတာက အခုလက်ငင်း မြိုးမြိုးမြက်မြက် ရမယ့်ဟာပဲ။ သိပ်ဟော့ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကို ရတုန်းလုပ်လိုက်တာမျိုးပဲ စိတ်ဝင်စားတယ်။

အဲဒီတော့ ကျုပ်တို့ ခင်ဗျားတို့ တောင်းဆိုရမှာက ဘာကြောင့် ဝန်ကြီးတစ်ယောက်တည်းကို ဆုံးဖြတ်ခွင့် အာဏာတွေ ဒီလောက်အထိ ပေးထားရတာလဲ။ တင်ဒါမခေါ်ပဲ ဘယ်အကြောင်းပြချက်တွေကြောင့် ဒီလူတွေကို ဒီအလုပ်တွေလုပ်ဖို့ ရွေးခဲ့ရတာလဲ။ ဘာကြောင့် အစိုးရပိုင်မြေတွေပေါ်မှာ ကိုယ်ပိုင်စက်ရုံတွေမထောင်ပဲ သူတစ်ယောက်တည်းပိုင်လို သဘောနဲ့ ပြင်ပကုမ္ပဏီတွေကို ခွင့်ပြုခဲ့ရတာလဲ။ နောက်ပြီး ဒီကုမ္ပဏီတွေဆီက ဓါတ်အားခတွေကို ဘယ်ဈေးနဲ့ ဘယ်လိုပုံစံဝယ်မှာလဲ။ ကျုပ်တို့ သိခွင့်ရှိရမယ်။ ဟိုတစ်လောက အင်တာနက်ပေါ်မှာ ဒီကိစ္စအကြောင်းပါလာတယ်။

ဒီကုမ္ပဏီတွေကို မြေငှားခ ဈေးပေါပေါလေးနဲ့ပဲ လုပ်ခွင့်ပြုခဲ့တယ်လို့ပါတယ်။ တကယ်တော့ ခင်ဗျားတို့က မသိကြလို့ ကျုပ်တို့ဝန်ကြီးရဲ့ သောက်တလွဲလုပ်ပုံတွေအကြောင်း ရေးထားတဲ့စာတွေ အင်တာနက်ပေါ်မှာ အများကြီး ရှိတယ်။ နားလည်သူတွေက ရေးကြတာ။ ဒါပေမယ့် ဘယ်လောက်ပဲ အင်တာနက်ထဲပါပါ ခင်ဗျားတို့ ချီးကျူးနေတဲ့ သမ္မတကြီးနဲ့ ဘေးက ဝိုင်းတော်သားတွေကိုက ဒီဝန်ကြီးကို ဘေးမဲ့ပေးထားတဲ့သဘောရှိတယ်။

သေချာတာကတော့ ဇေယျသူရမွန်ဆိုတဲ့သူကတော့ သူ့ကိုလိုလေသေးမရှိ လုပ်ပေးနေတဲ့သူပဲ။ ဝန်ကြီးသမီး အင်္ဂလန်မှာ ကျောင်းတက်တာလည်း ဒီလူထားပေးထားတာ။ သမီးတော်ရဲ့ တစ်လ တစ်လ ဒေါ်လာထောင်ချီတဲ့ ဖုန်းခက အစ အကုန်လုပ်ပေးခဲ့တာတဲ့။ ဝန်ကြီးကတော် သမီးဆီသွားတော့လည်း ဇေယျ အမျိုးသမီးက လိုက်ပို့ရတာ၊ အကုန်တာဝန်ယူပေးတာ။ ခင်ဗျားတို့ လေဆိပ်က စီစီတီဗီ ကင်မရာတွေ ပြန်စစ်ကြည့်ယင် သူတို့ ၂ ယောက်ပုံတွေ အတူတွေ့ရမယ်။ ကျုပ်တို့ထင်တာကတော့ မဟုတ်မှလွဲရော ကိုဇေယျရဲ့ ကုမ္ပဏီမှာ ဝန်ကြီးက ရှယ်ယာများတောင် ပါနေမလားပဲ။ အခု ဓါတ်အားပေးစက်ရုံကြီးတွေလို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုမှာတော့ သေချာပေါက် ပါလောက်တယ်။ ဒါကြောင့်လည်း ဇေယျသူရမွန်ဆိုယင် ဌာနက လူတွေက ပြန်ကြောက်နေကြရတာ။

ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်တစ်ခုပြောပြမယ်။ ခင်ဗျားတို့ မစ်ဆူဘီရှီ အဲယားကွန်းတွေရောင်းတဲ့ PEACE MYANMAR ဆိုတဲ့ ကုမ္ပဏီ ကြားဖူးမှာပေါ့။ အဲဒီ ကုမ္ပဏီက လျှပ်စစ်ဝန်ကြီးဌာနမှာလည်း တင်ဒါတွေပြိုင်တဲ့အလုပ်တွေ လုပ်တယ်။ တင်ဒါတစ်ခုမှာ သူတို့နဲ့ ဇေယျသူရမွန်ရဲ့ ကုမ္ပဏီတို့ ထိပ်တိုက်တွေ့ကြတယ်။ သူတို့ရောင်းဈေးက သိန်းနှစ်ထောင်ကျော်၊ ဇေယျတို့က သိန်းလေးထောင်ကျော်။ နောက်ဆုံး ဘယ်သူရသွားတယ်ထင်လဲ။ ဝန်ကြီးက ကိုဇေယျ ကုမ္ပဏီက ဝယ်ပါဆိုလို့ ဝယ်ကြရတယ်တဲ့ဗျား။ ဒါပေမယ့် စာရင်းစစ်ဝင်ယင် ပြဿနာတက်မှာဆိုးတော့ အောက်ကလူတွေက PEACE MYANMAR က ကိုဇော်လင်းကို ဖုန်းဆက်ပြီး သူ့ဈေးလေးကို ကြည့်ကောင်းအောင် ဇေယျတို့ထက်များအောင် လုပ်ပေးပါလို့ တောင်းပန်ကြတယ်။ ကိုဇော်လင်းက သူတို့နဲ့ မကင်းနိုင်တဲ့အတွက် လုပ်ပေးခဲ့ရတာ။ ခင်ဗျားစဉ်းစားကြည့် ခင်ဗျားတို့ကိုပြောတော့ ရှုံးလို့တဲ့၊ သိန်းနှစ်ထောင်တော့ အပိုပေးပြီးဝယ်တယ်။ ဒါတွေ အထောက်အထား အကုန်ရှိတယ်။ PEACE MYANMAR က အရပ်ရှည်ရှည်နဲ့ ကိုဇော်လင်းကို သိတဲ့သူတွေ မေးကြည့်နိုင်တယ်။

နောက်တစ်ခါက ဒီနှစ်စမှာ ဖြစ်တာ။ ALPHA POWER လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခု ရှိတယ်။ သူတို့ ကိုယ်စားလှယ်ယူ ရောင်းတဲ့ ပစ္စည်းတစ်မျိုးကို ဌာနက လိုချင်တယ်။ ဘတ်ဂျက်ပိတ်ခါနီး မသုံးဖြစ်တဲ့ ဘတ်ဂျက်တွေကို သုံးပြီးဝယ်မလို့။ အဲဒါကို ဇေယျတို့ ကုမ္ပဏီက အတင်းဝင်ပြီး သူ့မှာအဲဒီပစ္စည်းရှိတယ် သူ့ဆီမှဝယ်ပါဆိုတော့ ဌာနက ကုမ္ပဏီ ၂ ခု ခွဲပြီး ဝယ်ပေးလိုက်တယ်။ တကယ်တော့ ALPHA POWER က ကိုယ်စားလှယ်ယူထားတဲ့ ပစ္စည်းဆိုတော့ သူတို့ဘယ်လိုလုပ် ရောင်းလို့ရမလဲ။ ပစ္စည်းလုပ်တဲ့ ကုမ္ပဏီက သူ့ကိုယ်စားလှယ်ကိုပဲ ရောင်းမှာပေါ့။ နောက်ဆုံးတော့ ဘယ်လိုမှ ဝယ်လို့မရတော့ ဝန်ကြီးဌာနကို ပစ္စည်းမသွင်းနိုင်တော့ပါဘူး။ အဝယ်စာကို ရုတ်သိမ်းပေးဖို့ တင်ပြကြတယ်။ ဌာနမှာတော့ လိုချင်တဲ့ပစ္စည်းလဲမရ၊ ဘတ်ဂျက်လည်းမသုံးလိုက်ရဘူးပေါ့။ ပုံမှန်ဆိုယင် ဌာနက အဝယ်စာယူထားပြီး ပစ္စည်းမသွင်းနိုင်ယင် ကြီးလေးတဲ့ ပြစ်ဒဏ်ဖြစ်တဲ့ တင်ဒါဝင်ပြိုင်ဖို့ ၆ လ ပိတ်တာ ခံကြရတယ်။ ဇေယျသူရမွန်ဆိုတာနဲ့ အားလုံးက ကြောက်ပြီး ဘာမှမလုပ်ရဲကြဘူး။ အစိုးရဌာနတစ်ခုကို လုပ်ချင်သလို လုပ်ပိုင်ခွင့် ရနေကြတာ။ ခင်ဗျားတို့ အသေးစိတ်သိချင်ယင် ALPHA POWER ရဲ့ SHOW ROOM ရွှေဂုံတိုင်က တော်ဝင်နှင်းဆီဆိုင်နားမှာ ရှိတယ်။ တာမွေဖက်ကလာယင် တော်ဝင်နှင်းဆီ မရောက်ခင် ညာဖက်ခြမ်းမှာပဲ။ သူတို့သူဌေးက ကိုသက်စန်လို့ခေါ်တယ်။ သူ့သွားမေးကြည့်ယင် ပြောပြလိမ့်မယ်။

ကျုပ်တို့ ဝန်ကြီးက ထောက်လှမ်းရေးကလာတော့ အရမ်းလည်တယ်။ လုပ်ပိုင်ခွင့်တွေ အာဏာတွေ ကောင်းစွာတည်ဆောက်ပြီးတာနဲ့ လူတစ်ယောက်တည်းမဟုတ်တော့ပဲ အခြားတစ်ကိုယ်ကောင်း စီးပွားရေးသမားတွေကိုလည်း လက်တွဲလာခဲ့တယ်။ အဲဒီထဲမှာ SAME SKY ကုမ္ပဏီက မျိုးအောင်ဆိုတဲ့ တရုတ်တစ်ကောင်ပါတယ်။ သူ့ကုမ္ပဏီက တံတားဖြူ ကန်လမ်းထိပ်မှာ ရှိတယ်။ ပြည်လမ်းပေါ်မှာ။ ခြံထဲမှာ ဓါတ်အားခွဲရုံပစ္စည်းတွေ ချပြထားတဲ့ ဟာလေ။ အဲဒါ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးကို လဘ်ထိုးပြီး ကိုယ်ကျိုးအတွက်ပဲ စီးပွားရှာနေတဲ့ မျိုးအောင်ဆိုတဲ့ တရုတ်ရဲ့ ကုမ္ပဏီပဲ။ ခင်ဗျားတို့ လူတွေအော်အော်နေတဲ့ ဒစ်ဂျစ်တယ်မီတာဆိုတာ သူရောင်းတာပေါ့။ သူနဲ့ အကုန်လုံးဆွေးနွေးထား၊ ပြီးတော့မှ တင်ဒါအခေါ်ပြပြီး ကြိုက်ဈေးနဲ့ ရောင်းထားတာ။ မျိုးအောင်ရဲ့ ဒစ်ဂျစ်တယ်မီတာသုံးမှ မီတာခတွေ ပိုတက်တယ်လို့ ခင်ဗျားတို့ပြောနေကြတာက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ပဲ။

မျိုးအောင်နဲ့ ပေါင်းပြီးရိုက်တဲ့ ဝန်ကြီးရဲ့ ရိုက်ချက်တွေထဲက အဆိုးဆုံးက ဂျပန် NGK ကြွေသီးကိစ္စပဲ၊ ခင်ဗျားတို့မြင်ဖူးမှာပေါ့ ဓါတ်တိုင်တွေ တာဝါတိုင်ကြီးတွေပေါ်က အညိုရောင်ကြွေသီးတွေလေ။ အဲဒီကြွေသီးတွေ ထဲမှာ ဂျပန်လုပ် NGK ဆိုတာ နာမည်ကြီးတယ်။ အရည်အသွေးကောင်းပြီး ဈေးလည်းအရမ်းကြီးတယ်။ မျိုးအောင်က NGK ကို ရောင်းချင်တယ်။ မျိုးအောင်ရောင်းယင် ဝန်ကြီးက ဝယ်မယ်။ အယင်ဝန်ကြီးတွေ လက်ထက်က ဈေးကြီးလို့ မဝယ်ဘူး။ ဒါပေမယ့် NGK ဆိုတာ ဂျပန် ကုမ္ပဏီကြီး။ သူ့ပစ္စည်းကိုသူ တိုက်ရိုက်မရောင်းပဲ သူတို့ ဂျပန် ကုမ္ပဏီကြီးတစ်ခု SUMITOMO ကနေတဆင့် လူတွေ ဝယ်ကြရတယ်။ နိုင်ငံခြားတိုင်းပြည် တွေမှာလည်း NGK ကြွေသီးဆိုယင် SUMITOMO ကပဲတဆင့် ဝယ်ရတယ်လို့ ပြောကြတယ်။ သူတို့ထုံးစံ ဝယ်သူအားလုံးကို ရောင်းပေးတယ်။ မျိုးအောင်က NGK ကို ဦးခင်မောင်စိုး ဈေးကွက်မှာ မားကက်တင်း ဆင်းထားပြီး SUMITOMO က ဝယ်သူ အားလုံးကို ရောင်းမယ်ဆိုတော့ မျိုးအောင် စိတ်ညစ်သွားတာပေါ့။

ဒါပေမယ့် ကျုပ်တို့ အဘဝန်ကြီးက ကယ်ပေးတယ်ဗျ။ တနေ့ SUMITOMO မြန်မာရုံးကလူတွေကို ခေါ်တယ်။ သူ့ရုံးခန်းထဲ ခေါ်တွေ့တယ်။ ကျုပ်တို့ ဝန်ကြီး ဘယ်လောက်လည်ပြီး ဘယ်လောက်ရဲသလဲ ခင်ဗျား စဉ်းစားကြည့်နော်။ SUMITOMO က လူတွေပဲ သူ့အခန်းထဲ ဝင်ရတယ်။ ဌာနက လူတစ်ယောက်မှ မဝင်ရဘူး။ ပုံမှန်ဆိုယင် နိုင်ငံခြားသား၊ ပြည်တွင်း ဧည့်သည် ဘယ်သူလာလာ သူ့လက်ထောက်တွေ တစ်ယောက်မဟုတ် တစ်ယောက်ရှိကြရတယ်။ အခုတော့ အားလုံးမဝင်ရ တခါးပိတ်ဆွေးနွေးတယ်။ ဝန်ကြီးကတစ်ဖက် SUMITOMO က တစ်ဖက် ပေါ့ဗျာ။ ပြီးတော့ ဝန်ကြီးက တိုက်ရိုက်ပဲ ပြောတော့တာပဲ၊ မင်းတို့ NGK ကြွေသီး ရောင်းချင်ရင် ငါလုပ်ပေးမယ်၊ တင်ဒါထဲမှာ NGK ကြွေသီး တစ်မျိုးပဲ ထည့်ခေါ်ပေးမယ်။ ဒါပေမယ့် မင်းတို့ လူတိုင်းကိုတော့ မရောင်းရဘူး မစ္စတာမျိုးအောင် ကိုပဲရောင်းရမယ်ဆိုပြီး တဲ့ပြောတော့တာပဲဗျို့။ SUMITOMO က ဂျပန်တွေလည်း ဒီလောက်ပွင့်လင်းတဲ့ ဝန်ကြီး တခါမှမကြုံဖူးကြဘူးပေါ့။ နောက်ဆုံးတော့ သဘောတူကြရတယ်။ အဲဒီနောက်ပိုင်း တင်ဒါတွေမှာ ကြွေသီးဆိုယင် NGK ပဲ ပါတော့တယ်။ သူ့ပြိုင်ဖက် တရုတ်တွေ ဘာတွေ မပါတော့ဘူး။ SUMITOMO က လည်း ဘယ်သူမေးမေး မရောင်းဘူးချည့် ပြောတော့တာ။ ကျန်တဲ့သူတွေလဲ လက်မှိုင်ချပေါ့။ အဲဒီဆွေးနွေးပွဲမှာ SUMITOMO မြန်မာရုံးက ဝန်ထမ်းမြန်မာတစ်ယောက် ပါတယ်။ သူတို့ရုံးမှာ လျှပ်စစ်ကဏ္ဍကို ကိုင်တဲ့သူ ဘယ်သူလဲ စုံစမ်းပြီး မေးကြည့်ယင်ရမယ်။ ကျုပ်ကနာမည်မသိသေးဘူး။ သိယင်တစ်ခါတည်း ထည့်ရေးတယ်။

ဌာနကအရာရှိကြီးတွေလည်း ကျုပ်တို့အဘအကြောင်း တဖြည်းဖြည်းသဘောပေါက်လာကြတာပေါ့ဗျာ။ အယင်ဝယ်နေကြ တရုတ်ကြွေသီး မဝယ်ပဲ NGK ကို ဝယ်တဲ့အတွက် ဒေါ်လာသန်းချီ ပိုကုန်ရတာပေါ့။ ဒီနေရာမှာ ကျုပ်နည်းနည်းထပ်ရှင်းပြမယ်။ ကျုပ်ပြောထားသလို NGK က နာမည်ကြီးတယ်။ အရည်အသွေးလည်း ကောင်းပြီး ဈေးလည်းအရမ်းကြီးတယ်။ ခင်ဗျားတို့ နားလည်အောင် ဥပမာပြောရယင် မာစီးဒီးလိုပေါ့ဗျာ။ ကောင်းတယ်။ အရမ်းကောင်းတယ်။ အဲဒီတော့ ဒီလောက်ကောင်းပြီး ဈေးကြီးတဲ့ ပစ္စည်းကို အရေးကြီးတဲ့ နေရာတွေမှာပဲ သုံးသင့်တယ်။ မာစီးဒီးကို သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံတော် ဧည့်သည်တော်တွေ အတွက်သာ သုံးပြီး ကျန်တဲ့ ဝန်ကြီးတွေအတွက် TOYOTA CAMARY လောက် သုံးသလိုမျိုးပေါ့ဗျာ။ NGK ကို 500 KV နဲ့ 230 KV မဟာဓါတ်အားလိုင်းလိုဟာမျိုးတွေမှာ သုံးပြီး ကျန်တဲ့ဟာလေးတွေမှာ အခြား ဝယ်နေကြ ကြွေသီးတွေကို သုံးသင့်တယ်။ အခုတော့ ထွက်သမျှတင်ဒါ NGK ကြွေသီး တစ်မျိုးပဲ နာမည်ပါတယ်။

ဒါပေမယ့် ဝန်ကြီးက အရမ်းလည်တာနော်။ သူ့လူတွေ ဒီလိုပြောမှာဆိုးလို့ အချို့တင်ဒါလေးတွေကိုတော့ NGK အပြင် အခြား ဝယ်နေကြ ကြွေသီးတွေကိုလည်း တင်ဒါထဲ ပေးထည့်ပေးထားတယ်။ အချီကြီးဆိုယင်တော့ NGK တမျိုးတည်းပါလာတတ်တယ်။ သဘောက ဝယ်ယူရေးမူဝါဒ သပ်သပ်မှတ်မှတ်မရှိဘူး။ ကျုပ်နားလည်တာက ဘယ်ဗို့အားအဆင့်ဆိုယင် ဘယ်လို အရည်အသွေးမျိုး ရှိတဲ့ပစ္စည်းမှ သုံးမယ်၊ ဒိထက်နိမ့်ယင်တော့ ဘယ်လောက်ဆိုယင် ရပြီ၊ ဒီလို သပ်သပ်မှတ်မှတ် သုံးသင့်တယ်။ အခုတော့ သုံးချင်သလိုသုံး ဖြစ်ချင်သလို ဖြစ်နေကြတာ။ ကျုပ်ပြောတဲ့ သောက်တလွဲဆိုတာ အဲဒါတွေပဲ။ အဲဒီလို စည်းမရှိကမ်းမရှိ လုပ်တာတွေရဲ့ နောက်မှာ အကျိုးဆက်တွေကို ကျုပ်တို့ခံစားနေရတာ။ အဲဒီ NGK ကိစ္စက SUMITOMO နဲ့ NGK ကို သူတို့ ဂျပန် အစိုးရကိုတောင် တိုင်လို့ရတယ်။ ဒီလို လဘ်ပေးလဘ်ယူတွေနဲ့ သူတို့တွေ ဈေးမရောင်းရဘူးဆိုတဲ့ ဥပဒေရှိပြီးသား။ သူတို့ကပဲရောင်းရောင်း သူတို့ ခန့်ထားတဲ့ ကိုယ်စားလှယ်ကပဲ ရောင်းရောင်း၊ အမှုထင်ရှားယင် ပြဿနာတက်တယ်။
ဆက်ပြောရယင် ဝန်ကြီးက သူ့လူတွေ ရောင်းလို့ကတော့ အကုန်ဝယ်တယ်။ သူ့လူရောင်းတာ ဈေးကြီးတဲ့ဟာ ဆိုယင် အရည်အသွေးကောင်းလို့ ဝယ်တာဖြစ်တယ်။ သူလူတွေက ဈေးပေါတဲ့ တရုတ်ပစ္စည်းရောင်းယင် ဈေးသက်သာလို့ ဝယ်တယ် လုပ်ပြန်ကော။ အဓိက ကတော့ သူ့ကိုလဘ်ထိုးသူတွေရောင်းတယ့် ပစ္စည်းဆိုယင် အကုန်ဝယ်တယ်ပေါ့ဗျာ။

သူနဲ့အလုပ်လုပ်နေတဲ့ နောက်လူတစ်ယောက်ရှိသေးတယ်။ လပြည့်ဝန်းပလာဇာပိုင်ရှင် သိန်းဆွေဆိုတဲ့ တရုတ်။ ဒီလူက တရုတ်ပစ္စည်းတွေ ရောင်းတာ။ ကြွေသီးတုန်းက ကမ္ဘာ့ဈေးအကြီးဆုံး အကောင်းဆုံး NGK ဝယ်ဖို့ပြောတဲ့ ဝန်ကြီးက သိန်းဆွေရောင်းတဲ့ တရုတ်ပစ္စည်းကျတော့ ဝယ်ခိုင်းပြန်ရောဗျ။

ပြီးခဲ့တဲ့နှစ်က အကြောင်းပြောပြဦးမယ်။ ခင်ဗျားတို့လည်း ဒါတွေဖတ်ရလို့ စိတ်ညစ်မှာပဲ။ ကျုပ်ကလည်း ဒါတွေပြောနေချင်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် စကတည်းက မေခလာ သီချင်းလိုပါဆို။ ထားပါတော့။
မနှစ်က တင်ဒါတစ်ခုခေါ်တယ်။ ပစ္စည်းက 66 KV GIS တဲ့။ GIS ဆိုတာ ဓါတ်အားခွဲရုံ တစ်မျိုးပဲ။ ခင်ဗျားတို့ မြင်ဖူးနေကြ ဟင်းလင်းပြင်ထဲက ဓါတ်အားခွဲရုံလို မဟုတ်ဘူး။ ဟင်းလင်းပြင်ထဲက ဓါတ်အားခွဲရုံတွေလို နေရာ အကျယ်ကြီး မလိုဘူး။ နေရာကျဉ်းကျဉ်းလေး ပဲသုံးရအောင် GAS တွေထည့်ထားတဲ့ ပိုက်တွေထဲ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ထားတာ။ နေရာကျယ်ကျယ်မရနိုင်တဲ့ တိုးတက်တဲ့ တိုင်းပြည်တွေရဲ့ မြို့ပြတွေမှာ သုံးကြတာ။ ကျုပ်တို့ဆီမှာ ဒီဟာက ပထမဦးဆုံး သုံးမယ့် 66 KV GIS ပဲ။ GIS က နည်းပညာမြင့်တယ်။ စိတ်ချရတဲ့ ပစ္စည်းကောင်းကောင်း သုံးသင့်တယ်။

ဒီတင်ဒါမှာ စောစောက ပြောခဲ့တဲ့ PEACE MYANMAR ကလည်း ဝင်ပြိုင်တယ်။ သူတို့က မစ်ဆူဘီရှီ GIS ကို တင်တယ်။ ကျုပ်တို့ဆီမှာ တင်ဒါပြိုင်ယင် ဈေးခေါ်ဆစ်တယ်။ ပြိုင်သူတွေ အားလုံးလာပြီး ဈေးဆစ်ခံကြရတယ်။ ဈေးဆစ်ပွဲမှာ မစ်ဆူဘီရှီက မြန်မာ့ပထမဦးဆုံး 66 KV GIS ဆိုပြီး ရောင်းချင်လွန်းလို့ နာမည်လိုချင်လို့ ဈေးတွေ အရမ်းလျှော့တယ်ဆိုပဲ။ ကိုရီးယားတွေဖြစ်တဲ့ LG တို့ Hyundai တို့တောင် သူ့လောက်မနဲဘူးတဲ့။ နောက်ဆုံး ကိုသိန်းဆွေ တင်တဲ့ တရုတ်လုပ် XD ဆိုတဲ့ တံဆိပ်ထက်တောင် မစ်ဆူဘီရှီက ဈေးနည်းတယ်တဲ့ ပွဲတက်တဲ့သူတွေ ပြောကြတယ်။ အားလုံးပြန်တော့ မစ်ဆူဘီရှီက သိန်းနှစ်ထောင်လောက်နဲ့ အနည်းဆုံးဆိုပြီး အားလုံး နားလည်လိုက်ကြတယ်။ နောက်တော့မှ သိရတာ သိန်းဆွေတင်တဲ့ တရုတ်လုပ် XD က နောက်ဆုံးဈေးကို မစ်ဆူဘီရှီထက် သိန်းနှစ်ဆယ်လျှော့ပေးလို့ ဝယ်လိုက်တယ်တဲ့။ ကြည့်ရတာ ကိုသိန်းဆွေက ဈေးဆစ်ပွဲအပြီးမှာမှ ထပ်ပြီးကပ် လျှော့သွားတာနေမှာ။ ပြောရယင် တရားမဝင်ဘူးပေါ့ဗျာ။ ကျုပ်ပြောချင်တာက သိန်း နှစ်ထောင်မှာ သိန်း နှစ်ဆယ်လောက်လေးနဲ့ မစ်ဆူဘီရှီလိုဟာမျိုးကို ချန်ထားပြီး တရုတ်လုပ်ကို ရွေးလိုက်တာကို ပြောချင်တာပဲ။ သိန်းငါးရာ လောက်ကွာယင် မပြောပါဘူး။ ဖြစ်သင့်တာက GIS လို နည်းပညာမြင့်တဲ့ ပစ္စည်းမျိုးကို သိန်းနှစ်ဆယ်ပိုပေးပြီး မစ်ဆူဘီရှီကို ရွေးရမှာပါ။ ဒါကြောင့် ကျုပ်ပြောတာလေ ကြွေသီးတုန်းကတော့ ကမ္ဘာ့ဈေးအကြီးဆုံး အကောင်းဆုံး NGK ဝယ်ဖို့ပြောတဲ့ ဝန်ကြီးက သိန်းဆွေရောင်းတဲ့ တရုတ်ပစ္စည်းကျတော့ ဝယ်ခိုင်းပြန်ရောဗျ။

အခုဆိုယင် တင်ဒါတွေမှာ ဥရောပ ပစ္စည်းတွေနဲ့ အတူ ယှဉ်ပြီး XD, CHINA ဆိုပြီးပါနေပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ထွက်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ စီမံကိန်းတင်ဒါတစ်ခု ထွက်တယ်။ တင်ဒါထဲမှာ လိုအပ်ချက် အနေနဲ့ ခွဲရုံပစ္စည်းတွေကို ယခင်လို ဥရောနိုင်ငံလုပ်သာ မက တရုတ်တွေကော၊ အိန္ဒိယတွေကော အကုန်ထည့်ထားတယ်၊ ဝန်ကြီးလူတွေ ဘောင်ဝင်အောင် လုပ်ပေးထားတာလို့ ကျုပ်ကယူဆတယ်။ ခင်ဗျားတို့က ပြောချင်ပြောမယ် ဈေးသက်သာအောင် တရုတ်နဲ့ အိန္ဒိယကို ဝယ်ချင်တာမဟုတ်လားဆိုပြီးတော့။ ဒါပေမယ့် ဒီတင်ဒါထဲမှာ ကြွေသီးကျတော့ NGK ပဲ၊ လုံးဝမလျှော့ဘူး။ ကြွေသီးထက်စာရင် ခွဲရုံပစ္စည်းတွေက နည်းပညာပစ္စည်းတွေ။ ကြွေသီးကို အကောင်းဆုံး ဈေးအကြီးဆုံး မှဆိုယင် ခွဲရုံပစ္စည်းတွေကို တရုတ်၊ ကုလားတော့ မသုံးသင့်ဘူး။ ဒါပေမယ့် အဓိက က ဝန်ကြီးလူတွေ အလုပ်ရအောင်၊ သူတို့ပစ္စည်းတွေ ဝယ်ပေးနိုင်အောင် ဆင်ပေးထားတာ။
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Re: လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၁) by U Moe Aung

Postby acmv » Wed Dec 25, 2013 7:48 am

လျှပ်စစ်ဓါတ်အား လေလွင့်ခြင်း (၄)
ပြည်သူတွေ သိသင့်သော မြန်မာပြည်လျှပ်စစ် အကြောင်း (နိုဝင်ဘာလ ၂ဝ၁၃)
အပိုင်း (၄/၄)

ကျုပ်ဒါတွေ ရှည်ရှည်ဝေးဝေးပြောနေရတာ မောတယ်။ ခင်ဗျားတို့ထဲက တချို့ကလည်း ကျုပ်ကိုအထင်လွဲမယ်။ ပစ္စည်းမရောင်းရတဲ့ သူတွေဖက်က ပြောနေတာလား၊ သူမရောင်းရလို့များ ပြောနေတာလားဆိုပြီး။ ကျုပ်တင်ပြချက်တွေရဲ့ အဓိက ဆိုလိုချက်က လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်နေကြတဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့၊ ဝန်ကြီးရဲ့ ဗြောင်ကျကျ လုပ်စားမှုတွေကို မီးမောင်းထိုးပြလိုတာပဲ။ လုပ်ငန်းအတွေ့အကြုံရှိသူတွေဆို ဒီလောက်ဆို သဘောပေါက်လိမ့်မယ် ယူဆတယ်။ ဒီလိုမျိုးတွေ မဟုတ်တာတွေ လုပ်နေပြီး ကျုပ်တို့ ခင်ဗျားတို့ကိုတော့ ရှုံးလို့ဆိုပြီး မီတာခတွေ လာတက်နေတာ။ ဒါကိုထောက်ပြချင်လို့ ပေါ်လွင်အောင် ဖြစ်စဉ်တစ်ခုခြင်းအလိုက် ပြောနေရတာ။ သဘောပေါက်လိမ့်မယ် မျှော်လင့်တယ်။

ခင်ဗျားတို့ စဉ်းစားကြည့်မိလား ဘာလို့ဒီဝန်ကြီး ဒီလောက်ရဲတင်းနေရလဲဆိုတာ။ အဓိကအချက်ကတော့ သူ့အရင်လူတွေတောင် ဘာမှ မဖြစ်တဲ့အတွက် ဒီလောက်ထိ ရဲရဲတင်းတင်း လုပ်နေတာ။ ဗိုလ်ချုပ်တင်ထွဋ်၊ ဗိုလ်ချုပ်ခင်မောင်မြင့်၊ ဗိုလ်မှူးကြီးဇော်မင်း အကုန်သူဌေးကြီးတွေအနေနဲ့ အေးအေးချမ်းချမ်းနေနိုင်ကြတာက သူ့ကိုနမူနာကောင်းတွေပြနေတာလေ။ ပြုတ်သွားတဲ့ ၂ ယောက်ဆို ပိုတောင်ငြိမ်းချမ်းသေး။ ဘုရားလေးသွားလိုက် ခရီးလေးထွက်လိုက်နဲ့ ဇိမ်ကိုကျလို့။ အရေးယူခံရခြင်း၊ ပစ္စည်းဥစ္စာသိမ်းဆည်းခံရခြင်း လုံးဝမရှိဘူး။

သူ့ကို မြှေုာက်ပေးနေတဲ့ နောက်တစ်ချက်ကတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ မိသားစု ပိုင်ဆိုင်မှု ကြေငြာဖို့ တင်တဲ့အဆို လွှတ်တော်မှာ ရှုံးသွားတာပဲ။ ဒီအချက်က လဘ်စားဖို့ မြှေုာက်ပေးနေတဲ့ အချက်ကြီးဗျ။ အဲဒါကြောင့် အခုတလော လူစွမ်းကောင်း လုပ်ပြနေတဲ့ လွှတ်တော်ဥက္ကဌကြီးကို ကျုပ်က ပြောချင်တာ။ ဘာလို့ သူတို့လွှတ်တော်က ဒီအဆိုကို မထောက်ခံခဲ့တာလဲ။ ဒါလေးကိုပဲ ဖြစ်အောင် လုပ်ပေးပါဦး။ သိပ်ပြီးပြောမနေနဲ့။ အစိုးရအဖွဲ့ဝင်အားလုံး မဟုတ်တောင် ဒီဝန်ကြီးဗျာ၊ ဦးခင်မောင်စိုးရဲ့ မိသားစု ဆွေမျိုးညာတိတွေ ပိုင်ဆိုင်မှုလေး ကြေငြာပေးပါ။ အဲဒါဆိုယင် အရမ်းကျေးဇူးတင်မယ်။ မမေ့ဘူးလို့။ အစိုးရ ဝန်ထမ်းတွေ သတ္တိရှိကြပါလို့ သူကပဲ ပြောရသေးတယ်။ ကျုပ်ကတော့ ရီချင်တယ်။ ရီချင်လွန်းလို့ ကာတွန်းထဲကလို ရူးချင်တင်တင်တောင် ဖြစ်တယ် ဒီလိုစကားမျိုးကြားရတာ။

ဒီလိုတာဝန်ရှိတဲ့ ဝန်ကြီး အဆက်ဆက်ရဲ့ သောက်တလွဲ စီမံခန့်ခွဲမှုတွေ လဘ်စားတာတွေကြောင့် ကျုပ်တို့ တိုင်းပြည်ရဲ့ လျှပ်စစ်ဝန်ကြီးဌာန အရှုံးကြီးရှုံးခဲ့ရတယ်။ နောက်ထပ် လှေနစ်သူဝါးကူထိုး အခြေအနေမျိုးဖြစ်အောင် စစ်အစိုးရရဲ့ ပေါ်လစီတစ်ခု ရှိသေးတယ်။ အဲဒါကတော့ စစ်တပ်ရဲ့ စီးပွားရေးအဖွဲ့အစည်း ဖြစ်တဲ့ MEC ရဲ့ ပါဝင်ပါတ်သက်မှုပဲ။ MEC က မြောင်းတကာမှာ သံမဏိစက်ရုံရှိတယ်။ အဲဒီစက်ရုံက မဟာဓါတ်အားလိုင်းကြီးတွေမှာ သုံးတဲ့တာဝါတိုင်ကြီးတွေ ထုတ်တယ်။ လျှပ်စစ်ဝန်ကြီးဌာနကို ရောင်းတယ်။ ကျုပ်ပြောတာက ရောင်းတာက ရောင်းလို့ရတယ်။ အပြင်ကဝယ်တာနဲ့ စာယင် အရည်အသွေးတူမယ်၊ ဈေးချင်း မတိမ်းမယိမ်းဖြစ်မယ် ဆိုယင် ဝယ်ရမှာပေါ့။ အချင်းချင်း အားပေးရမှာပေါ့ဗျာ။ အခုတော့ သူတို့ကြိုက်ဈေးနဲ့ ရောင်းခဲ့တာ။ သူတို့ကိုက်တဲ့ ဈေးနဲ့ရောင်းခဲ့တာဗျ။ အသေးစိတ်ရှင်းပြမယ်။

အဲဒီတုန်းက MEC ဥက္ကဌက ခင်ဗျားတို့ ရှစ်လုံးကြီးလို့ ခေါ်ကြတဲ့ သီဟသူရ တင်အောင်မြင့်ဦးလေ။ ဒီလူကြီးက တစ်ဇောက်ကန်းကြီးဗျ။ အင်မတန်ဆိုးတဲ့လူကြီး။ အောက်ကလူတွေကို သေအောင် နိုင်တာ။ စစ်တပ်ထဲမှာ သူ့လက်အောက်မှာ လုပ်ရပြီး သူ့ပါးရိုက်၊ လက်သီးနဲ့ထိုး မခံရတဲ့သူ မရှိဘူးဆိုပဲ။ ပြီးတော့ စစ်အစိုးရအဖွဲ့မှာ အတွင်းရေးမှူး (၁) လေ။ အဲဒီတုန်းက ရှိခဲ့တဲ့ လျှပ်စစ်ဝန်ကြီးဌာန ၂ ခုကို သူကြပ်လို့ ရတာပေါ့ဗျာ။ လိုအပ်တဲ့ တာဝါတိုင်တွေကို သူတို့မြောင်းတကာစက်ရုံက ဝယ်ရမယ် လုပ်တော့တယ်။ အဲဒီလို စလုပ်တုန်းက ၂ဝ၁ဝ လောက်က။ ထုံးစံအတိုင်း သူကသူ့လက်အောက်လူတွေကို စက်ရုံ ဘယ်နေ့ပြီးရမယ် ဘယ်ရက်ပြီးရမယ် လုပ်ထားမှာပေါ့ဗျာ။ ဟိုလူတွေကလည်း ထုံးစံအတိုင်းပေါ့။ ပြန်ပြောလို့မရ ပြောလည်းနားမထောင် စိတ်ဆိုးသေးဆိုတော့ မပြောတော့ဘူး ဟုတ်ကဲ့ပေါ့။ အဲဒီတော့ သူ့အမြင်၊ သူ့အသိမှာ သူတို့စက်ရုံကြီး ပြီးပြီပေါ့။ တာဝါတိုင်တွေ နိုင်ငံခြားက မဝယ်ကြနဲ့တော့၊ MEC က ဝယ်ဆိုပြီး လုပ်တော့တာဗျို့။ အမှန်က အဲဒီအချိန်မှာ စက်ရုံက မပြီးဘူးမဟုတ်ဘူး ပြီးတယ်။ စက်ရုံပြီးတာကို ပြောတာ။ ထုတ်လုပ်ဖို့အတွက် အဆင်သင့် မဖြစ်သေးဘူး။ လူတွေ စက်တွေနဲ့ ထုတ်လုပ်ရေးစနစ်တွေ ကျင့်သားရဖို့ အချိန်ယူရဦးမှာ။ ဒါတွေသူ ဘာမှနားမလည်ဘူး။

တကယ်တမ်းပြောရယင် နားမလည်တာ သူတင်မဟုတ်ဘူး သူ့လိုစစ်တပ်ကလာတဲ့ လူတွေ ဘယ်သူမှ နားမလည်ဘူး။ အဲလို နားမလည်တာ သူတို့အပြစ် မဟုတ်ဘူးလေ။ မှားနေတာက အဲလိုနားမလည်တဲ့ အလုပ်တွေကို သွားပြီးစီမံခန့်ခွဲနေကြတာ။ ဒါပေမယ့် ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ်မသိနားမလည်ပဲ စီမံခန့်ခွဲရတာမျိုးလည်း ရှိနိုင်တာပဲလေ။ ဆန်းတာက ကျုပ်တို့ ခေါင်းဆောင်ဆိုတဲ့ ဒီလူကြီးတွေက ကိုယ်နားမလည်ပေမယ့် အောက်ကလူတွေကို ဆရာလုပ်ပြီး စွတ်လုပ်ခိုင်းတာဗျ။ အဲဒါကမှ သူတို့ရဲ့ အကြီးဆုံးအမှား။ အဲဒါကြောင့် သောက်တလွဲတွေ ဖြစ်ကုန်ကြတာ။
ဒီလိုနဲ့ လျှပ်စစ်ဝန်ကြီးဌာနက ရှစ်လုံးကြီးအမိန့်နဲ့ တာဝါတိုင်တွေ မြောင်းတကာစက်ရုံက ဝယ်ရတော့တာပေါ့။ စက်ရုံက အဆင်သင့် မဖြစ်သေးတော့ တော်တော် ကသိအအောင့်နိုင်တာပေါ့ဗျာ။ အချိန်အကြာကြီး စောင့်ကြရတယ်။ သူတို့ စက်ရုံက ထုတ်လုပ်ဖို့အတွက် အဆင်သင့် မဖြစ်သေးယုံမကဘူး ထုတ်လုပ်တဲ့ နှုန်းကအစ နည်းတယ်။ ဌာနက ၄ လ လောက်အတွင်း တာဝါတိုင် တန် ရ ထောင်၊ ၈ ထောင်လောက် လိုတာ။ သူတို့က အဲဒီလောက်ဆိုယင် တစ်နှစ်လောက် အချိန်ယူရတယ်။ စီမံကိန်းတွေလည်း အကုန်တိုင်ပင်တွေ အောက်ကုန်တာပေါ့။ နောက်တစ်ခုရှိသေးတယ် ခင်ဗျားတို့တော့ ပြောယင်ရီကြမှာပဲ။ ဝယ်လို့သာဝယ်ကြတာ။ ထုတ်လို့သာ ဆိုပြီး ပစ္စည်းထုတ်ကြတာ။ ဈေးကမသတ်မှတ်ရသေးဘူးတဲ့ဗျ။

တစ်နှစ်နီးပါးကြာမှ တာဝါတိုင်တွေ လုပ်ငန်းခွင်ထဲ ရောက်တဲ့ဟာကရောက် သုံးတဲ့ဟာကသုံး ထုတ်လုပ်ဆဲကလုပ် ဖြစ်နေပြီးတော့မှ MEC ဖက်က ဈေးပြောတယ်။ ရောင်းသူ ကြိုက်ဈေးပေါ့။ ဌာနက ပုံမှန်ဝယ်နေကြ လုပ်ငန်းခွင်အထဲအရောက် တာဝါတိုင် တစ်တန်ကို ဒေါ်လာ ၁၈ဝဝ - ၁၉ဝဝ လောက်နဲ့ ဝယ်ကြတာ။ အခု သူတို့ ဈေးက ဒေါ်လာ ၂၂ဝဝ တဲ့ဗျာ။ တစ်တန်ကို ဒေါ်လာ ၃ဝဝ - ၄ဝဝ ပို များတယ်။ အခုအချိန်အထိ ဒီဈေးနဲ့ ဝယ်နေရတုန်းပဲ။ စုစုပေါင်း တန် ၂ သောင်းလောက် ဝယ်ပြီးပြီ ကျုပ်ထင်တယ်။ အဲဒီတော့ စုစုပေါင်း ဒေါ်လာ ၆ သန်း၊ ၇ သန်းလောက် ပိုပေးလိုက်ရတာ။ ဒီ ၂ နှစ်လောက် အတွင်းမှာ။ MEC အလုပ်ဖြစ်ဖို့ ကျုပ်တို့ ခင်ဗျားတို့ရဲ့ ဓါတ်အားခတွေထဲက ဒီ ဒေါ်လာ ၆ သန်း၊ ၇ သန်းကို ပိုပေးလိုက်တာ။ ပြီးတော့ကျုပ်တို့ကို ရှုံးလို့တဲ့။ ဒီလောက်နည်းပေါင်းစုံနဲ့ သောက်တလွဲတွေလုပ်နေတာ၊ သူတို့မှမရှုံး ဘယ်သူရှုံးမလဲ။ ခင်ဗျားတို့ မြင်လောက်ပြီ။

အဲဒီလို လုပ်ကွက်တွေနဲ့ MEC တို့ ဦးပိုင်တို့က စီးပွားရေးကို လုပ်လာကြတာဗျ။ ဒါပေမယ့် သူတို့တွေ အဲဒီလိုသာ လုပ်နေကြတာ၊ သူတို့အဖွဲ့အစည်းအတွေ အနေနဲ့ အကျိုးအမြတ်သိပ်ရှိလှတာမဟုတ်ဘူး။ ဒီအဖွဲ့အစည်းတွေကြောင့် ကျုပ်တို့ ရဲဘော်လေးတွေ ဘဝ ဘာမှပြောင်းလဲ တိုးတက်လာတာမရှိဘူး။ MEC နဲ့ ဦးပိုင်ကြောင့် တကယ်မြတ်တာက အဲဒီအဖွဲ့တွေကို ဦးဆောင်ခဲ့တဲ့ လူကြီးတွေ၊ သူတို့စီမံကိန်းတွေကို ပစ္စည်းသွင်းပေးတဲ့ ဗိုလ်ချုပ်သားသမီးနဲ့ ခရိုနီတွေ၊ စီမံကိန်းတွေကို တည်ဆောက်ခဲ့တဲ့ GE လို့ခေါ်တဲ့ စစ်တပ်ဆောက်လုပ်ရေး အဖွဲ့တွေပဲ။ ခင်ဗျားတို့သိမှာပေါ့ ဗိုလ်ချုပ်ကြီးတင်လှ၊ ဗိုလ်ချုပ်ကြီး ရှစ်လုံး၊ ဗိုလ်ချုပ်ကြီး တင်အေး အကုန် အရမ်းကိုချမ်းသာကုန်ကြတာ။ အဆိုတော် နေရဲမာန်က GE ဗိုလ်မှူးဟောင်းလေ။

ကျုပ်တော့ သူတို့ကိုကြည့်ပြီး အရမ်းကို စိတ်လေတယ်။ တိုင်းပြည်လူထု အများစုကတော့ ဆင်းရဲမွဲတေ ဖွတ်ဘိုးအေတွေ။ ရဲဘော်လေးတွေရဲ့ မိသားစု တွေလည်းအရမ်းကို ဆင်းရဲကြတာ။ အငတ်ငတ် အပြတ်ပြတ်နဲ့ စစ်ဖိနပ်တောင် ကောင်းကောင်းမစီးနိုင်လို့ ရာဘာဖိနပ် နဲ့ ရဲဘော်တွေအများကြီး ခင်ဗျားတို့ မြင်ဖူးကြမှာပါ။ ရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ ဘုန်းကြီးဆန္ဒပြပွဲမှာ အနော်ရထာလမ်းပေါ်မှာ ဂျပန်သတင်းထောက်ကို ပစ်လိုက်တာ အဲဒီ ရာဘာဖိနပ် စီးထားတဲ့ ရဲဘော်လေးထဲက တစ်ယောက်လေ။ ခင်ဗျားတို့ သတင်းဗီဒီယို ကြည့်လိုက်ကြရမှာပါ။

ခင်ဗျားတို့ စဉ်းစားကြည့် အစိုးရဌာန အသီးသီးက ကျုပ်တို့ပြည်သူတွေရဲ့ ပိုက်ဆံတွေကို စဉ်းစားဆင်ခြင်ဥာဏ် မရှိသုံးပစ်ကြတယ်။ ပြီးတော့ ဌာနက ဝန်ကြီးတွေနဲ့ ဦးဆောင်တဲ့ အရာရှိကြီးတွေ ကျိကျိတက် ချမ်းသာကြတယ်။ ခင်ဗျားတို့ အားလုံးအသိ။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးက အင်ဂျင်နီယာကြီးတွေက လိုင်စင်ရ သူဌေးကြီးတွေဖြစ်ကြတယ်။ ဆည်မြောင်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စည်ပင်၊ ဆက်သွယ်ရေး၊ စက်မှု တစ်နှစ်တစ်နှစ် ဒေါ်လာသန်းပေါင်းများစွာ ဖြုန်းပစ်တယ်၊ ဘုန်းပစ်တယ်။ ဒါက အရပ်ဖက်ဌာနတွေဆိုတော့ ကျုပ်ကကြည့်လို့ရတယ်။ မြင်နိုင်တယ်။ စစ်တပ်အတွက် ပစ္စည်းဝယ်တာတွေ၊ စစ်တပ်စီမံကိန်းတွေဆိုယင် လူလည်းသိခွင့်မရှိကြတော့ ဘာတွေဖြစ်ပျက်နေမလည်း ခင်ဗျားတို့ စဉ်းစားကြည့်လို့ ရမယ်။ ဒါကြောင့် တပ်မတော်ရဲ့ စစ်အသုံးစရိတ် ဆိုတာကြီးမှာ ဘာတွေများဘယ်လို ဖြစ်နေမလဲဗျာ။ ကျုပ်တော့ ဟိုသီချင်းလေးလိုပဲ။ နဖူးပေါ်လက်တင် စဉ်းစားလိုက်ယင် ငါလေရင်မောတယ် ဖြစ်နေတာပေါ့။ ကျုပ်တို့ ပြည်သူတွေက စစ်အသုံးစရိတ်ကြီးတာကိုသာ မြင်တာ။ ဒီလောက်ကြီးတဲ့ အသုံးစရိတ်က ကျုပ်တို့ ရဲဘော်လေး တွေရဲ့ မိသားစုဘဝကို မမြှင့်ပေးနိုင်ခဲ့ဘူး။ ဒီစုတ်ပြတ်သတ်နေတဲ့ ဘဝပိုင်ရှင် ရဲဘော်လေးတွေကို သုံးပြီးကျုပ်တို့ ခင်ဗျားတို့ကို နှိပ်ကွပ်ခဲ့တာ။ ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး ဘာမှ ချန်မထားဘူး။ ရဲဘော်လေးတွေက ပစ်ဆိုပစ်ကြတာပဲ။ ရိုက်ဆို ရိုက်ကြတာပဲ။

ပြောတာတွေလဲများနေတော့ ခင်ဗျားတို့လည်း စိတ်ရှုပ်နေမှာပဲ။ တကယ်ပြောရမယ် ဆိုယင်တော့ဗျာ ပြောမဆုံးပေါင်ပေါ့။ နောက်ဆုံးအနေနဲ့ တစ်ချက်တော့ ထပ်ပြောပြချင်သေးတယ်။ အဲဒါကတော့ အခုခေတ် ခေတ်စားနေတဲ့ စကားလုံးပိုင်ရှင် ခရိုနီတွေ ကျုပ်တို့လောကထဲမှာလာပြီး လုပ်နေပုံတစ်ခု။ ဓါတ်အားခတွေ တက်လာတာနဲ့ ဆက်စပ်လို့ပါ။ ခင်ဗျားတို့ သိကြမှာပါ သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းဆိုတာ။ Asia World က လုပ်နေတာ။ စစ်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ဘယ်သူ့မှ မမေးမမြန်းပဲ လုပ်ခိုင်းခဲ့တာ။ Asia World က စီမံကိန်းကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရင်းနှီးမြှုပ်နှံပြီး ထွက်လာတဲ့ ဓါတ်အားကို လျှပ်စစ်ဝန်ကြီးဌာနကို ရောင်းရမှာ။ စလုပ်တုန်းက ဓါတ်အားခကို မသတ်မှတ်ခဲ့ကြဘူးဗျ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဓါတ်အားခ သတ်မှတ်ပြီး ဓါတ်အားအရောင်းအဝယ်စာချုပ် ချုပ်ပြီးမှ စီမံကိန်းကို စလုပ်ကြတယ်ဗျ။ အဲဒါလူတိုင်းသိတဲ့ ကိစ္စ။ ကျုပ်တို့ကတော့ ဓါတ်အားခ မသတ်မှတ်ရသေး အရောင်းစာချုပ် မချုပ်ရသေးဘူး၊ ဦးသန်းရွှေ အမိန့်၊ ဝန်ကြီးအမိန့်တွေနဲ့ လုပ်ကြတာဗျ။ သဘောက အခွင့်အရေးကို အယင်ဦးအောင် မြန်မြန်ယူထားကြတာပေါ့ဗျာ။

အဲဒီ သောက်ရေခပ် စီမံကိန်းက ဒီနှစ်စလောက်မှာ ပြီးသွားတယ်။ အဲဒီတော့မှ Asia World နဲ့ ဈေးစကား ပြောကြတာပေါ့။ စစခြင်း သူတို့က တစ်ယူနစ်ကို ၁၂ဝ ကျပ်တောင် တောင်းတာ။ နောက်ဆုံး ၇ဝ နဲ့ ဈေးတဲ့သွားတယ်။ ဒီနေရာမှာ တစ်ယူနစ် ၇ဝ ကျပ်ဆိုတာ နည်းလားများလား ခင်ဗျားတို့ သိအောင် ယှဉ်ပြမယ်။ ကျုပ်တို့တိုင်းပြည်မှာ အစိုးရက အပြင်ကုမ္ပဏီဆီက ဓါတ်အားဝယ်တာ ဒီဟာ ပထမဦးဆုံးမဟုတ်ဘူး။ ရွှေလီ ဓါတ်အားပေးစက်ရုံက ဓါတ်အားကို စက်ရုံပိုင်တဲ့ တရုတ်ကုမ္ပဏီဆီက ဝယ်တာကမှ ပထမဦးဆုံး။ ကျုပ်အထင် ၂ဝဝ၉ လောက်ကတည်းကနဲ့ တူတယ်။ ရွှေလီလုပ်တဲ့ တရုတ်ကုမ္ပဏီက စာချုပ်အရ မြန်မာဖက်ကို အလကားပေးရတဲ့ ဓါတ်အားအပြင် ကျုပ်တို့က နွေရာသီမှာ ထပ်လိုချင်တဲ့အတွက် ဝယ်ရတာ။ ဈေးက တစ်ယူနစ် ၂၅ ကျပ်လောက်ပေးရတယ်။ ယွမ်နဲ့ချေရတာ။ ယွမ်ဈေးအတက်အကျရယ်၊ သူတို့နိုင်ငံက ဓါတ်အားခ အတက်ရယ်ပေါ် မူတည်ပြီး နှစ်စဉ် စာချုပ်ချုပ်ပြီးဝယ်ရတာ။ ပျမ်းမျှ တစ်ယူနစ် ၂ဝ ကျော်ကျော် ကျတယ်။ အလွန်ဆုံး ၂၅ ကျပ် ပဲ။ စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်တစ်ချက်က အဲဒီဈေးက ဒီတရုတ်ကုမ္ပဏီက သူတို့တရုတ်ပြည်ကို ရောင်းတဲ့ဈေးနဲ့ အတူတူပဲ တဲ့ဗျား။ ကဲခင်ဗျားတို့ မြင်ပြီလား။

တရုတ်ပြည်ကြီးက ကုမ္ပဏီက သူတို့တရုတ်ပြည်ကိုရောင်းတဲ့ဈေးနဲ့ အတူတူရောင်းတဲ့ ဓါတ်အားခကမှ ကျုပ်တို့ တစ်ယူနစ် ၂၅ ကျပ်ပဲ ပေးရတာ။ အခုကိုယ့် ပြည်တွင်းတရုတ်တွေ လုပ်တော့မှ တစ်ယူနစ် ၇ဝ ကျပ် ဖြစ်နေပြီ။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။ တစ်ယူနစ်ခြင်းကို ၄၅ ကျပ် များနေတာ။ အဲဒါပဲ ကျုပ်နောက်ဆုံး ပြောပြချင်တာ။

အဲဒီတော့ နိဂုံးချုပ်ပြောရမယ်ဆိုယင်။
ရှုံးလို့ ရှုံးလို့ ဆိုပြီး လဘ်စားနေတဲ့ ဝန်ကြီးတွေကို ဖေါ်ထုတ်ပြီး မိသားစု ပိုင်ဆိုင်မှုတွေ ကျုပ်တို့ကို သိခွင့်ပေးဖို့။
ကျုပ်ပြောထားတဲ့ တင်ဒါတွေမှာ မရိုးမသားလုပ်တဲ့ အချက်တွေအတွက် စုံစမ်းအရေးယူပေးဖို့။
တင်ဒါမခေါ်ပဲ အသုံးမဝင်တဲ့မီးစက်ကြီးတွေ ဝယ်ပစ်တာအတွက် စုံစမ်းအရေးယူပေးဖို့။ တင်ဒါမခေါ်ပဲ ဝန်ကြီးအမိန့်နဲ့ အခြားဝယ်တာတွေ ရှိသေးတယ်။ ဌာနမှာ စုံစမ်းအရေးယူ ပေးဖို့။
ပုဂ္ဂလိကကုမ္ပဏီတွေကို အစိုးရပိုင်မြေတွေ မိမိသဘောနဲ့ ပေးသုံးတဲ့အတွက် နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ အရေးယူပေးဖို့။ ဒီကုမ္ပဏီတွေကို လုပ်ငန်းလုပ်ခွင့် ပေးတဲ့နေရာမှာ သေချာပေါက် လဘ်စားထားတယ်။ ဖေါ်ထုတ်အရေးယူပေးဖို့။

သောက်ရေခပ်ကိစ္စကို ပြန်စစ်ပြီး ဈေးနှုန်းပြန်ပြင်ဖို့။ ဘာဖြစ်လို့ တရုတ်စက်ရုံကဈေးနဲ့ မယှဉ်ကြည့်ကြတာလဲ။ ဘာလို့ လွှတ်တော်မှာ မဆွေးနွေးကြတာလဲ။
တိုင်းပြည်အတွက် လူကောင်းတွေ ဆုံးရှုံးအောင် လုပ်တဲ့ပြစ်မှုနဲ့ ဝန်ကြီးကို အရေးယူပေးဖို့။


ကျုပ်က ဒီနေရာလောက်မှာ အဆုံးသတ်မလို့ပဲဗျ။ ဒါပေမယ့် ဒီရက်ပိုင်း သူတို့ဖက်က ထွက်လာတဲ့ စကားတချို့ကို တုံ့ပြန်ချင်လို့ နဲနဲဆက်ပြောချင်တယ်။
ပထမက ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌကြီး ဦးအောင်ခိုင်က ပြောတယ် မီတာခတက်လို့ ဆန္ဒပြတဲ့သူတွေ တိုင်းပြည်အတွက် တကယ် လုပ်တာမှန်ယင် သူထိုင်ရှစ်ခိုးမယ်ဆိုတဲ့ စကားပဲ။ ဦးအောင်ခိုင်ကြီးကို ဒီနေရာက ကျုပ်တောင်းပန်ချင်ပါတယ်။ အဲလိုတွေ လျှောက်ပြောမနေပါနဲ့။ ဆန္ဒပြတဲ့သူတွေ တိုင်းပြည်အတွက် ဟုတ်မဟုတ်ဆိုတာထက် ခင်ဗျားတို့ကကော တိုင်းပြည်အတွက် ဘယ်လောက် အလုပ်လုပ်နေလို့လဲ။ ဦးအောင်ခိုင် အိမ်တို့ ကားတို့ ခရီးသွားတာတို့ ဆေးကုတာတို့ ကိုယ့်မိသားစု သုံးစွဲ နေထိုင် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေမှာ စီးပွားရေးသမားတွေဆီက ယူထားတာတွေ မပါဘူးလို့ ကြမ်းကျိမ်နိုင်မလား။ တိုင်းပြည် ရေရှည်ထိခိုက်မှာကို ကြည့်ပြီး ဝန်ကြီးလုပ်သူနဲ့ အခြေအတင် ငြင်းဖူးလား။ PACIFIC POWER ဆိုပြီး ကုမ္ပဏီထောင် မိန်းမကို နာမည်ခံပြီး ကိုယ့်ဌာန ကိုယ်ပစ္စည်းပြန်ရောင်း၊ အလုပ်ပြန်တောင်း ဆိုတာကကောဗျာ။

နောက်ဆုံးမေးပါရစေ။ PEACE MYANMAR နဲ့ ဇေယျသူရမွန်တို့ ပွဲမှာ PEACE MYANMAR က ကိုဇော်လင်းကို သူ့ဈေးကို ကြည့်ကောင်းအောင် ဇေယျတို့ထက်များအောင် လုပ်ပေးပါလို့ ဖုန်းဆက်ပြီးပြောတာဘယ်သူလဲ။ တိုင်းပြည်ပိုက်ဆံ ဖြုန်းတာကို သိသိကြီးနဲ့ ဝန်ကြီးဖြစ်စေချင်တဲ့ဟာကို ဖြစ်အောင်လုပ်ပေးပြီး နာမည်ကောင်း ရအောင် လုပ်ခဲ့တဲ့လုပ်ရပ်နဲ့ အခုဆန္ဒပြတဲ့သူတွေနဲ့ လုပ်ရပ်ယှဉ်ကြည့်ပါဦး ဥက္ကဌကြီး ရယ်။ ဒါပါပဲ။


နောက်တစ်ခုက ဝန်ကြီးနဲ့ပေါင်းပြီး ဓါတ်အားပေးစက်ရုံတွေ လုပ်နေတဲ့ ဇေယျသူရမွန်ရဲ့ စကား။ ရှေ့ပိုင်းမှာ ကျုပ်သူ့အကြောင်း ပြောပြီးပြီ။ သူတို့ထဲမှာ ဝန်ကြီးကို အပိုင်ဆုံးပုဂ္ဂိုလ်လေ။ သူရင်းထားရတာလဲ အများကြီးကိုး။ ထားပါ။

သူက လှော်ခါးက အစိုးရဌာနပိုင် မြေပေါ်မှာ ဓါတ်အားပေးစက်ရုံလုပ်ခွင့်ရပြီး လုပ်နေတာ ပြီးတောင်ပြီးပြီ။ ကျုပ်ပြောခဲ့သလို ဓါတ်အား အရောင်းအဝယ်စာချုပ် မချုပ်ရသေးဘူး။ ဓါတ်အားက ထုတ်နေတာတောင် လချီနေပြီ။ ဟိုတစ်နေ့က သူပြောတာတစ်ခု ဂျာနယ်ထဲပါလာတယ်။ အရောင်းအဝယ်စာချုပ် ချုပ်တော့မှာတဲ့။ ချုပ်မယ့် ပုံစံကတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ချုပ်မယ်တဲ့။ အာရှဖွံ့ဖြိုးရေးဘဏ်က ချမှတ်ပေးတဲ့ပုံ မဟုတ်ဘူးတဲ့ဗျား။ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့ ခင်ဗျားတို့ ဂျာနယ်တချို့မှာ ရေးနေ ဝေဖန်နေကြတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုတာကြီးကို ဒီလို ခရိုနီတွေက အသဲခိုက်အောင် ကြိုက်နေကြတာ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုမှ သူတို့ နင့်အောင်စားကြရမှာကိုး။

ADB လို့ ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဆိုတာ အာရှဒေသဖွံ့ဖြိုးတိုးတက်အောင် ဂျပန်အစိုးရက အဓိက ထည့်ဝင်ငွေတွေနဲ့ ထောင်ထားတဲ့ ဘဏ်။ အကျိုးအမြတ်အတွက်မဟုတ်ပဲ ဒေသဖွံ့ဖြိုးရေးအတွက် ထောင်ထားတာ။ ဒေသတွင်းမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တိုးတက်အောင် အခြေခံအဆောက်အဦ စီမံကိန်းတွေမှာ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေထုတ်ချေးတယ်။ ဒီစီမံကိန်းတွေကို စနစ်တကျ အကောင်အထည်ဖေါ်နိုင်အောင် နည်းစနစ်တွေ လူတွေကူညီပေးတယ်။ ခင်ဗျားတို့ သူတို့ ဝက်ဘ်ဆိုက်ကို သွားကြည့်ယင် ကောင်းကောင်း သိနိုင်တယ်။ ကျုပ်တို့ အရှေ့တောင်အာရှဒေသ နိုင်ငံ အားလုံးလိုလို ADB ရဲ့ အကူအညီတွေ အများကြီး ယူခဲ့ကြရတာ ဗဟုသုတရှိသူတိုင်း သိကြတယ်ဗျ။ သူတို့မှာ ပိုက်ဆံရှိတယ်ဗျာ။ လူရှိတယ်ဗျာ။ နည်းပညာ ရှိတယ်ဗျာ။ အတွေ့အကြုံ ရှိတယ်ဗျာ။ နှစ်ပေါင်း ၄၇ နှစ် အတွင်း အာရှကဖွံ့ဖြိုးဆဲနိုင်ငံပေါင်းများစွာကို သူတို့အကူအညီပေးခဲ့တယ်။ သူတို့ဆီက ငွေမချေးတောင် သူတို့ ဆီက လူတွေ နည်းပညာတွေ အတွေ့အကြုံတွေ ယူကြရတယ်လို့ ဆိုကြတယ်ဗျာ။

ကျုပ်တို့ အခုလုပ်နေတဲ့ ပုဂ္ဂလိက ဓါတ်အားပေးစက်ရုံ အလုပ်တွေမှာ သူတို့ ဆီက လူတွေ နည်းပညာတွေ အတွေ့အကြုံတွေ ယူကြရမှာ။ ယူကိုယူရမယ်လို့ ကျုပ်မြင်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့က ဒီလိုမျိုးတွေ တစ်ခါမှ မလုပ်ဖူးဘူးလေဗျာ။ ဘာလို့ စမ်းတဝါးဝါး လုပ်နေမှာလဲ။ ဒါပေမယ့် ADB က ချမှတ်ပေးတဲ့ပုံအတိုင်း လုပ်ယင် ဝန်ကြီးနဲ့ သူ့လူတွေ မဟုတ်တာတွေ လုပ်လို့မရတော့ဘူး။ ADB က နှစ်ပေါင်းများစွာအတွေ့အကြုံတွေနဲ့ နည်းစနစ်တွေနဲ့ဆိုတော့ သူတို့လုပ်စားလို့မရဘူး။ ဒါကြောင့် အာဏာရှိသူနဲ့ ခရိုနီတွေကတော့ မိုးမိုးအင်းယားဝတ္ထုလို ပျေက်သောလမ်းမှာ စမ်းတဝါးဝါး ဆိုတဲ့ မြန်မာ့နည်းမြန်မာ့ဟန်ကိုပဲ ကြိုက်ကြတာ။ ကျုပ်တို့ပြည်သူတွေကတော့ ခံရမြဲ ခံရပေါ့ဗျာ။

အဲဒါကြောင့် ကျုပ်ရဲ့ နိဂုံးချုပ်စကားကို နောက်တစ်ချက်ထပ်တိုးချင်တယ်။ အခုလုပ်နေတဲ့ ပုဂ္ဂလိက ဓါတ်အားပေးစက်ရုံလုပ်ငန်းတွေရဲ့ ဓါတ်အား အရောင်းအဝယ်စာချုပ်တွေကို ADB ရဲ့ အကူအညီနဲ့ သူတို့ရဲ့ နည်းစနစ်နဲ့ လုပ်ကြပါလို့ ကျုပ်တို့ တောင်းဆိုရမယ်။ ကျုပ်တို့ကို လူလည်လာကျတဲ့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ချုပ်ဆိုတဲ့စာချုပ်ကို လုံးဝလက်မခံဘူး။

ဒါပေမယ့် ကျုပ်တို့တောင်းဆိုတာတွေ ဦးသိန်းစိန်အစိုးရကတော့ လုပ်ပေးမယ်လို့ ကျုပ်တော့ သိပ်မထင်ဘူး။ အဲဒီလို မလုပ်ပေးယင်လည်း ရပါတယ်။ ကျုပ်တို့ကတော့ နောက်အစိုးရ လက်ထက်မှာ ဒါတွေကို အထောက်အထားနဲ့ အရေးယူဖို့ ဆက်တောင်းဆိုမယ်။ အခုအစိုးရအဖွဲ့က ဦးသန်းရွှေဦးဆောင်တဲ့ အယင်စစ်အစိုးရလို အခြေခံဥပဒေရဲ့ နောက်ကြောင်းပြန် အရေးမယူရ ဆိုတဲ့ အကာအကွယ်အောက်မှာ မရှိဘူး။ ဒီလဘ်ပေးလဘ်ယူ ကိစ္စတွေကို ကျုပ်တို့ ပြန်ဖေါ်ထုတ်မယ်။ ကျုပ်တို့မှာ အထောက်အထားနဲ့ သက်သေအပြည့်အစုံရှိတယ်။ ဒီအချိန်မှာတော့ ကြောက်ကြရသေးလို့ ငြိမ်နေကြတာ။ အစိုးရ ပြောင်းသွားတာနဲ့ သက်သေလိုက်ပေးမယ့်သူတွေ တပုံကြီး။
ဒါပါပဲ ကျုပ်ပြောချင်တာတွေ။

ကျုပ်လည်း ဒီစာကို မြန်မြန်နိဂုံးချုပ်မှဖြစ်မယ်။ နို့မို့ဆိုယင် သူတို့ဖက်က တစ်ခုခုထပြောလိုက် ကျုပ်က ပြန်ချေပလိုက်နဲ့ ခေါင်းစဉ်ကိုလည်း မြန်မာ့လျှပ်စစ် တစ်ထောင့်တစ်ညလို့ ပြောင်းရတော့မယ်။
တော်သေးပြီ။
လူတော် (မြန်မာပြည်)
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am


Return to မြန်မာနိုင်ငံနှင့်လျှပ်စစ်ဓါတ်အား

Who is online

Users browsing this forum: No registered users and 1 guest

cron