လျှပ်စစ် ဓာတ်အား။နှုန်း

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်သည့် potential resource မည်မျှရှိသနည်း။ ရေအားလျှပ်စစ် (Hydro Power) တစ်ခုတည်းမှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ သဘာဝဓါတ်ငွေ့ (Natural Gas) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လေအားလျှပ်စစ် (wind power) တစ်ခုတည်း မှ Megawatt မည်မျှထုတ်ယူနိုင်သနည်း။ လျှပ်စစ်ဓါတ်အား ဖြန့်ဝေသုံးစွဲပုံတို့ကိုသိလိုလျှင်...

လျှပ်စစ် ဓာတ်အား။နှုန်း

Postby acmv » Tue Oct 29, 2013 9:27 pm

Image
လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်


နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး ပေးနေရာက ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၃၀ ကျပ်၊ နေစွမ်းအင်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၆၀ ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အိမ်မှာသုံးစွဲမှုက တစ်လကို ယူနစ်လေးရာ ကျော်တယ်။ ခုက တစ်သောင်း ကျော်လောက်ပဲ ဆောင်ရတာ။ ခုသတ် မှတ်တဲ့ဈေးနဲ့ဆိုရင် ၂၀,၀၀၀ နီးပါး ဆောင်ရတော့မယ်” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အခြေခံ လူတန်းစား အများစု၏ လစဉ် ဓာတ်အားသုံးစွဲမှုမှာ ယူနစ် ၁၀၀ ဝန်းကျင်တွင်သာ ရှိသဖြင့် ယူနစ် ၁၀၀ အောက် သုံးစွဲသူများကို ဓာတ်အားခ မြင့်တက်ခြင်းမရှိဘဲ လူလတ်တန်းစားများနှင့် လုပ်ငန်းရှင်များ အတွက်သာ ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။
“မီးစက်သုံးရမယ့် ပမာဏထက် စာရင်တော့ လုပ်ငန်းသုံး အတွက် ဈေးသက်သာတယ် ပြောရမှာပါ။ နွေရာသီမှာလည်း မီးပေးနိုင်တယ်ဆိုတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းလို့ သုံးသပ်ချင်ပါတယ်” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

မန္တလေးစက်မှုဇုန် တည်ရှိရာ ပြည်ကြီးတံခွန် မြို့နယ်အတွင်း ဓာတ်အား သုံးစွဲမှု ယူနစ်ပေါင်း ၁၆ သန်းခန့် ရှိကြောင်း စက်တင်ဘာလ စာရင်းအရ သိရသည်။
“မီတာခ တက်မယ်ဆိုတာ နှစ်လလောက် ကြိုပြောစေချင်တယ်။ လုပ်ငန်းရှင်တွေက ကုန်ကြမ်းတွေဝယ် လုပ်ရတာဆိုတော့ ဈေးနှုန်းညှိဖို့ အဆင်ပြေအောင်လို့ပါ” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်မိုးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပုံမှန် မဂ္ဂါဝပ် ၃၀၀ ကျော် သုံးစွဲမှုရှိပြီး မန္တလေးခရိုင်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် သုံးစွဲမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရ သည်။

ယင်းကဲ့သို့ မီတာခများ တိုးမြှင့်လိုက်ခြင်းကြောင့် မီတာဖတ် စာရေးများ ယူနစ်သေချာဖတ်ရန် လိုအပ်ကြောင်း၊ ခန့်မှန်းကောက်ခံပါက မီတာပိုင်ရှင်နှင့် အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေပြီး ကျန် ၇၀ ရာခိုင်နှုန်း ရရှိရေးအတွက် ဓာတ်အားပေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုသည်။

ဓာတ်အားခ နှုန်းထားများကို တိုးမြှင့် ပြင်ဆင်ကောက်ခံမည် ဆိုသော်လည်း မီတာ ထိန်းသိမ်း စောင့်ရှောက်ခကိုမူ ငါးရာကျပ်သာ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ထပ်လောင်း ပြောကြားသည်။

The Voice Weekly

မီတာခတိုးကောက်သော်လည်း၂၄နာရီ မီးရရန် အာမခံချက် မပေးနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၉။

လျှပ်စစ်ဓါတ်အားသုံးစွဲခများကို နိုဝင်ဘာလမှစတင်ကာ တိုးမြှင့်ကောက်ခံမည်ဆိုသော်လည်း၂၄ နာရီ မီးရရန်ကို အာမခံချက်မပေးနိုင်သေးကြောင်း ရန်ကုန်မြို့တော်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လာမည့်နိုဝင်ဘာလမှစတင်၍ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်မည်ဖြစ်ရာ “၂၄ နာရီ လျှပ်စစ်မီးရရန် အာမခံချက်ရှိပြီလား”ဟု People Power၏ မေးမြန်းမှုကို “မပေးနိုင်သေး”ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးထွန်းကျော်ကပြောကြားသည်။

ယင်း လျှပ်စစ်မီး၂၄နာရီမရရှိနိုင်ခြင်းနှင့် ပတ်သတ်သည့် ကျန်မေးခွန်းများကို ဖြေဆိုခြင်းမပြုသည့် အပြင် ဖုန်းထပ်မံခေါ်ဆို၍ မရတော့ချေ။

“ဒါဆို ဘယ်လိုလုပ်မလဲ။ မီးစက်ရင်းထားရဦးမှာပေါ့” ဟု လှိုင်သာယာစက်မှု ဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောကြားသည်။

ရိုးရိုးမီတာတစ်ယူနစ်လျှင် ၃၅ ကျပ်၊စက်မှုနှင့်စီးပွားရေးလုပ်ငန်းသုံးမှတာ တစ်ယူနစ်လျှင် ၇၅ ကျပ်ကောက်ခံနေရာမှ ယူနစ် ၁၀၀ အောက် သုံးစွဲသူများကို လက်ရှိနှုန်းအတိုင်း ၃၅ ကျပ်နှင့် ၁၀၀ယူနစ်အထက် သုံးစွဲသူ များအား ၅၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး စက်မှုနှင့်စီးပွားရေး လုပ် ငန်းသုံးမီတာ များအား ၁ယူနစ်မှ ၅၀၀၀ယူနစ်အထိ ၁၀၀ကျပ်နှင့် ၅၀၀၀ ယူနစ်ကျော် လွန်သုံးစွဲပါက ၁၅၀ကျပ် ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနမှ ထုတ်ပြန်သည်။

မီတာခများ တိုးမြှင့်ကောက်ခံမှုကြောင့် ကုန်ထုတ် လုပ်ငန်းများမှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းလျော့ကျသွားနိုင်ကြောင်း ယင်းသို့ တိုးကောက်ပါက ၂၄နာရီမီးပေးနိုင်ရန်ကြိုးပမ်းသင့်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“ကမ္ဘာမှာ ဈေးအကြီးဆုံးဆိုပေမယ့် ကျေးဇူးတင်ရပါတယ်၊ ကိုယ့်ဖာသာကိုယ် ဆိုရင် ၃၀၀ လောက်ကျတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအခါ အခြေခံလုပ်ခလစာများကို တိုးမြှင့်နိုင်ရန်ကြိုးပမ်းနေသော်လည်း လျှပ်စစ်ဓါတ်အားသုံးစွဲခဈေးတက်မှုကြောင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာနိုင်သဖြင့် ပြည်သူများအတွက်မည်သို့မျှ ထူးခြားမည်မဟုတ်ကြောင်း Indigoအထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

“မီတာခတိုးကောက်ပြီး မီးပုံမှန်လာရင် မီးအားပြည့်ရင်တော့ ကိစ္စမရှိပါဘူး”ဟု ၎င်းကပြောကြားသည်။

ယခုအချိန်တွင် ၂၄နာရီမီးပေးရန် ချက်ချင်းမဖြစ်နိုင်သည်ကို နားလည်သော် လည်း မီတာခတိုးကောက် ပြီးပါက အချိန်ပြည့် မီးပေးသင့်ကြောင်း Mother Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

“တိုးကောက်မှ ချွေတာရမှန်းသိသွားမယ်”ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃၀ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိကြောင်း၊ လက်ရှိ ဓါတ်အားသုံးစွဲခနှုန်းကို၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁ရက် နေ့တွင် ပြောင်းလဲကောက်ခံခဲ့ကြောင်း မြန်မာ့လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်မှ တစ်ယူနစ်လျှင် ၂၂ကျပ် အရှုံးခံကာ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်၁၈၅ဘီလီယံ ဆုံးရှုံးနေ ကြောင်း ယင်းလုပ်ငန်းမှသိရသည်။

နိုင်ငံတကာတွင် လျှပ်စစ်မီးကို ယူနစ်အလိုက် ဈေးနှုန်းမြှင့်တင်သုံးစွဲသည့် စနစ်ကို ကျင့်သုံးနေသည်မှာကြာမြင့်နေပြီဖြစ်ပြီး မိမိတို့လည်း ပြောင်းလဲကျင့်သုံးရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တည်းဖြတ်သူ-နီတိုး
သတင်းရေးသားသူ-ဥာဏ်လင်းထက်
People power
acmv
Site Admin
 
Posts: 3962
Joined: Thu Dec 16, 2010 8:23 am

Return to မြန်မာနိုင်ငံနှင့်လျှပ်စစ်ဓါတ်အား

Who is online

Users browsing this forum: No registered users and 2 guests

cron